Phyu
31 / 05 / 2025
The Unseen Skills The Silent Power
ကျမတို့ဟာ အမြဲတမ်းလိုလို မြင်ရနိုင်တဲ့ အောင်မြင်မှုတွေကိုပဲ ချီးကျူးကြတတ်ပါတယ်။ ဂုဏ်ထူးဘွဲ့ထူး ချီးမြှောက်ခံရခြင်း၊ အနိုင်ရရှိခြင်း၊ ဆုတံဆိပ်တွေ ရရှိခြင်းတွေကို တန်ဖိုးထားကြပါတယ်။ ဒါပေမယ့် အစစ်အမှန်မှာတော့ လူတစ်ယောက်ရဲ့ ပင်ကိုယ် အင်အားနဲ့ သြဇာလွှမ်းမိုးမှုက တိတ်ဆိတ်ဆိတ်လေးနဲ့သာရှိနေတတ်ပြီး အဲ့ဒီမမြင်ရတဲ့ စွမ်းရည်တွေဟာ တိုင်းတာလို့မရပေမယ့် ပတ်ဝန်းကျင်ကို ပြောင်းလဲပေးနိုင်တယ်ဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ ဒါဆို The Unseen Skills တွေက ဘာတွေဖြစ်မလဲ။
ပထမဆုံးတစ်ခုကတော့ အားလုံးသိကြတဲ့ Emotional Intelligent – EQ ပါ။ EQ ဟာ ကိုယ်ရည်ကိုယ်သွေးနဲ့ အောင်မြင်မှုအတွက် ဒြပ်မဲ့တိတ်ဆိတ်တဲ့ ချိတ်ဆက်မှုတစ်ခုပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို နားလည်ပြီး အခြားသူတွေရဲ့ စိတ်အခြေအနေကိုလည်း သိရှိနိုင်တဲ့ ဒီစွမ်းရည်က အဖွဲ့အစည်းရဲ့ အလုပ်လုပ်ပုံ၊ အငြင်းအခုံတွေ ဖြေရှင်းပုံ၊ ပြီးတော့ ခေါင်းဆောင်မှုရဲ့ စွမ်းအားတွေကို ပုံသွင်းပေးပါတယ်။ ဒါဟာ ထင်သာမြင်သာအောင်တမင်လုပ်ပြီး လူတွေရဲ့ အာရုံကို ဆွဲဆောင်မယ့်အစား တိတ်တဆိတ်နဲ့ ယုံကြည်မှုတွေ တည်ဆောက်ပေးပါတယ်။ EQ သိပ်ကောင်းတဲ့ Leader တွေဟာ အခြားသူတွေရဲ့ စိတ်ထဲက စိုးရိမ်ပူပန်မှုတွေ၊ မျှော်လင့်ချက်တွေ၊ ပြီးတော့ ကြောက်ရွံ့မှုတွေကို မြင်နိုင်ပြီး အဲ့ဒါတွေကို အကောင်းဆုံးပုံစံနဲ့ ဖယ်ရှားပေး/ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ စွမ်းရည်တစ်ခုက နားထောင်တတ်ခြင်းပါ။ တကယ်တော့ နားထောင်ခြင်းဟာ လူတွေကြား အရေးတယူအထင်ကြီးမခံရတဲ့ Leadership tool တစ်ခုပါ။ အမှန်တကယ် နားထောင်ပေးတတ်တဲ့သူတွေဟာ မျှော်လင့်မထားတဲ့ထိုးထွင်းသိမြင်မှုတွေကို နားထောင်ခြင်းကနေ ရရှိတတ်ကြပါတယ်။ နားထောင်ခြင်းကနေ အချင်းချင်းယုံကြည်မှုတွေ ပေါ်ပေါက်လာစေပြီး အဖွဲ့အစည်းထဲမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။ နားထောင်တတ်တဲ့သူတွေဟာ စကားများများ ပြောတတ်တဲ့သူတွေထက် ပိုပြီး ခေါင်းဆောင်မှုအရ သြဇာလွှမ်းမိုးနိုင်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့က အခြားသူတွေရဲ့ အတွေးအခေါ်တွေကို တန်ဖိုးထားပြီး အဲ့ဒီ အတွေးတွေထဲက အရေးကြီးတဲ့ အကြံပြုချက်တွေ၊ ခံစားချက်တွေ၊ ပြီးတော့ လိုအပ်ချက်တွေကို ခွဲထုတ်နိုင်လို့ပါ။ နားထောင်မှုက မိမိရဲ့ အမြင်ကို ကျယ်စေပြီး အခြားသူတွေကိုလည်း သူတို့ကိုယ်သူတို့ တန်ဖိုးထားခံရတယ်လို့ ခံစားရစေပါတယ်။
တတိယတစ်ခုကတော့ Intuition ပါ။ အလိုလိုသိစိတ်၊ ဝမ်းတွင်းသိစိတ်လို့ ပြောရမယ်ထင်ပါတယ်။ Intuition ဟာ စိတ်အတွင်းပိုင်းရဲ့ အစွန်းအဖျားတစ်ခုပါ။ တခါတရံ Logical Thinking တွေ၊ theory တေါထက် စိတ်ထဲက ခံစားချက်တွေက ပိုပြီး မှန်ကန်နိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲကအသံကို ယုံကြည်တတ်တဲ့သူတွေဟာ အခြေအနေဆိုးတွေ၊ အခက်အခဲတွေကို အချိန်မှီ ယုံကြည်ချက်ရှိရှိနဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ကြပါတယ်။ အဲ့ဒီ ဆုံးဖြတ်ချက်တွေဟာ ဒေတာတွေနဲ့ ရှင်းပြလို့မရနိုင်ပေမယ့် ရလဒ်အရ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တတ်ပါတယ်။ Intuition ဟာ အတွေးအခေါ်နဲ့ ခံစားချက်ကြား ညှိနှိုင်းမှုတစ်ခု ဖြစ်ပြီး၊ ပုံမှန်ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေမှာ ရှင်းလင်းတဲ့ လမ်းညွှန်မှုတစ်ခု ပေးနိုင်ပါတယ်။
မရှိမဖြစ်နောက်တစ်ချက်က စိတ်ရှည်မှုပါ။ စိတ်ရှည်မှုဟာ ရေရှည်တိုက်ပွဲတွေအတွက် စွမ်းရည်တစ်ခုပါ။ အပြောင်းအလဲတွေ လျင်လျင်မြန်မြန်ဖြစ်ပေါ်နေတဲ့ ကျမတို့ရဲ့ကမ္ဘာကြီးမှာ စိတ်ရှည်တတ်ခြင်းဟာ စူပါပါဝါတစ်ခုပါ။ စိတ်ရှည်မှုက perception ကို ရှင်းလင်းစေပြီး ရေရှည်တည်တံ့မှုကို ဖြစ်ပေါ်စေပါတယ်။ စိတ်အေးအေးနဲ့ စောင့်ဆိုင်းနိုင်တဲ့သူတွေဟာ အခြေအနေကို ပိုကောင်းအောင်နားလည်ပြီး အကောင်းဆုံးအဖြေကို ရှာတွေ့နိုင်ကြပါတယ်။ ဒါ့အပြင် စိတ်ရှည်မှုက သည်းခံမှုစွမ်းရည်ကိုတိုးတက်စေပြီး အဖွဲ့အစည်းရဲ့ တည်ငြိမ်မှူကို ထိန်းသိမ်းပေးနိုင်ပါတယ်။ အလုပ်ခွင်မှာ task တွေကို စိတ်ရှည်လက်ရှည်နဲ့ ချဉ်းကပ်တတ်တဲ့သူတွေဟာ စိတ်ဖိစီးမှုတွေ ရင်ဆိုင်ရတဲ့အခါ satisfied answer ကို ကောင်းကောင်းရှာတွေ့နိုင်ကြပါတယ်။
ပြောင်းလဲမှုတွေကို လက်ခံပြီး အခြေအနေအသစ်တွေနဲ့ ကိုက်ညီအောင်လုပ်နိုင်တဲ့ ပြောင်းလွယ်ပြင်လွယ်မှုဟာ အရေးမကြီးသလို ထင်ရပေမယ့် အမှန်တကယ်မှာတော့ အရာအားလုံးကို ရွေ့လျားနေစေတဲ့ စွမ်းအားပါ။ လိုက်လျောညီထွေမှုရှိတဲ့သူတွေဟာ သမားရိုးကျလမ်းစဉ်ကနေ ကွဲထွက်တဲ့နည်းလမ်းတွေကို စမ်းသပ်ကြည့်ဖို့ ဝန်မလေးကြတတ်ကြပါဘူး။ အဲ့ဒီ ပြောင်းလွယ်ပြင်လွယ်မှုက အခက်အခဲတွေကို အခွင့်အရေးအဖြစ် မြင်ကြည့်နိုင်စေပြီး အသစ်တွေကို ရှာဖွေ တီထွင်ဖို့ လှုံ့ဆော်ပေးပါတယ်။
The Unseen Skills တွေဟာ အများအားဖြင့် အသံကျယ်ကျယ်နဲ့ ပြသတဲ့ စွမ်းရည်တွေထက် ပိုပြီး ရေရှည် သြဇာလွှမ်းမိုးမှု ရှိပါတယ်။ ကျမတို့မှာ ရှိနေပြီးသား ဒီတိတ်ဆိတ်တဲ့ အင်အားတွေက ဘာတွေလဲဆိုတာ အချိန်ယူပြီး စဉ်းစားကြည့်ပါ။ ပြီးတော့ ဘယ်စွမ်းရည်တွေကို ပိုပြီး ပြုစုပျိုးထောင်နိုင်မလဲဆိုတာလည်း တွေးကြည့်ပါ။ စစ်မှန်တဲ့ရလာဒ်တွေ၊ အကျိုးသက်ရောက်မှုတွေဟာ ပြင်ပလက်ခုပ်သံတွေဆီကမဟုတ်ပဲ တိတ်ဆိတ်တဲ့ကျွမ်းကျင်မှုကနေ လာတတ်ပါတယ်။ ကျမတို့ရဲ့ လုပ်ငန်းခွင်မှာရော ကိုယ်ရေးကိုယ်တာဘဝမှာရော.. ဒီလို Unseen skills တွေကို ဘယ်လို အသုံးချနေပါသလဲ။ ဘယ်စွမ်းရည်တွေကို ပိုပြီးပြုစုပျိုးထောင်ကြမလဲ။
Weekend thought လေးတစ်ခုအဖြစ် တွေးကြည့်ကြရအောင်ပါ... ။