Blogs

WELCOME TO BEST CHOICE!
"Best Choice ... for your successful life"
Daw Hanni Thaw

(Founder & CEO of Best Choice Professional Training)

လူမှန် ရာထူးမှန် အလုပ်တာ၀န်ပုံစံမှန်သော လုပ်ငန်းခွင်ကို ရှာဖွေ လုပ်ကိုင်နိုင်ကြစေချင်….

ဒီနေ့ အလုပ်အင်တာဗျူး တခုက ပြန်လာတဲ့တပည့် တစ်ဦးဆီက ဖုန်းဆက်ပြီး လုပ်သင့်မလုပ်သင့် အကြံလေးပေးပါအုံး တီချယ် ဆိုတာနဲ့ တခြားသူများပါ ဗဟုသုတရစေဖို့ ရေးပေးလိုက်ပါတယ်........

ဝန်ထမ်းခေါ်တာနဲ့ ပတ်သက်ပြီးတော့ တချို့လုပ်ငန်းရှင်တွေက Management Theory အရလူမှန် နေရာမှန် ရာထူးနေရာနဲ့ လိုက်ဖက်တဲ့တာဝန်ဝတ္တရားတွေကို ချမှတ်ပေးတဲ့ ပုံစံကလွဲလွဲနေတာကို စာရေးသူ အနေနဲ့ လေ့လာတွေ့ရှိနေမိတာ ကြာပါပြီ......

ဒီနေ့အင်တာဗျူးဝင်ခဲ့ရတဲ့ တပည့်မက အသက်အားဖြင့်(34နှစ်)ဖြစ်နေသူတစ်ယောက် ရာထူးအနေနဲ့ လျှောက်ခဲ့တာက Senior Accountant နဲ့ပါ...

အင်တာဗျူးဖြေဆိုသူ အနေနဲ့က စာရင်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နားလည်ကျွမ်းကျင်ပြီးသား ဖြစ်ပြီး ကိုယ့်ကိုယ်ကို Self-Confident အပြည့်ရှိသူဖြစ်ကြောင်း အလုပ်ရှင်ကျေနပ်အားရ လောက်တဲ့အထိ ပြသနိုင်ခဲ့ သူဖြစ်ခဲ့ပါတယ်.. အရမ်းသဘောကျလို့ Second Interview မခေါ်တော့ပဲ အလုပ်တန်းခန့်ခံခဲ့ရတယ်ဆိုပါတော့.....

သို့သော်.... အလုပ်ရှင်ဘက်မှ ပေးအပ်လာတဲ့ တာဝန် ၀တ္တရားတွေက ခန့်အပ်တဲ့ ရာထူးနေရာနဲ့ လွဲချော်မှုတွေ ဖြစ်နေတာကိုတော့ အလုပ်ရှင်ကိုယ်တိုင် မသိနားမလည်မှုရှိနေခဲ့လိမ့်မယ်လို့ စာရေးသူအနေနဲ့ ထင်မြင်မိပါတယ်......

အသက် (34နှစ်)ရှိ Senior Accountant တစ်ယောက်ကို အကြွေးတောင်းဖို့ ငွေလိုက်သိမ်းဖို့နဲ့ Consignment ဆိုင်တွေမှာ Stock လိုက်စစ်ဖို့အဓိကထားခိုင်းချင်တာ ဖြစ်ပြီး Admin ကိစ္စဆိုင်ရာ ရုံးပိုင်းဆိုင်ရာတွေပါ ပူးတွဲလုပ်စေချင်တယ်လို့ပြောလာခဲ့တဲ့အတွက် ဒီလိုအလုပ်တာဝန်ဝတ္တရားတွေကို Senior Accountant တစ်ဦးကလက်ခံသင့် လက်မခံသင့်ဆိုတာကို အများသိအောင် ရှင်းပြချင်ပါတယ်....

တကယ်တော့ Accountant တွေကို စာရေးသူ သင်တန်းပေးတဲ့အခါ ရာထူးနဲ့ထိုက်တန်တဲ့ တာဝန်ဝတ္တရားတွေကို ချပြပြီး တခါတည်းသင်ပြီးသားဆိုတာ သင်တန်းတက်ဖူးတဲ့ တပည့်တိုင်း သိပါလိမ့်မယ်.....

လုပ်ငန်းတခုမှ Senior Accountant တစ်ဦးဆိုတာ စာရင်းကိုင်ချုပ်လို့ခေါ်တဲ့Chief Accountant ရဲ့ Assistant တစ်ဦးအဖြစ် ရပ်တည်ပေးရတာဖြစ်လို့ Partial Set စာရင်းပညာနဲ့တင် တာဝန်ယူလုပ်လို့မရပါဘူး။ Full Set Account လို့ခေါ်တဲ့ အောက်ခြေက Department အလိုက်တက်လာတဲ့ စာရင်းတွေကို အနည်းဆုံးအဆင့် Trial Balance အထိCombine လုပ်ပေးရမှာဖြစ်လို့ Senior Accountant တစ်ဦးက သူ့လက်အောက်က Department အလိုက်မှာရှိနေတဲ့ Assistant Accountant တွေကိုလိုအပ်တဲ့Control တွေပေးရမယ့်လူ သာလျှင်ဖြစ်ပါတယ်.....

လိုအပ်လို့ကိုယ်တိုင်ကွင်းဆင်းတာ ဖြစ်သင့်ပေမယ့်Daily Performances တွကို Assistant Accountant များကသာတာဝန်ယူ လုပ်ဆောင်သွားရမယ့် ပုံစံဖြစ်ပါတယ်......

Senior Accountant တစ်ဦးလက်အောက်က Assistant Accountant အားလုံး ဟာစာရေးသူ သင်တန်းမှာ ပြောနေကြအတိုင်း Partial Set Transaction များကိုသာလုပ်ကိုင်နေကြသူများဖြစ်ပြီး Partial Set Account ပိုင်းမှာ ဘာတွေပါဝင်သလဲ..........

Financial Statements မှာပါဝင်တဲ့ Reporting Level (၅)ခု မပြင် ဆင်နိုင်သေးခင် အဆင့်မှာရှိနေတဲ့ စာရင်းအားလုံးဟာ partial account တွေပါပဲ.....

Cash Account, Stock Account, Receivable Account, Payable Account, Sales Account စတာတွေကို အပိုင်းလိုက် လူခွဲကိုင်ကြရတာမို့ အကြွေးကောက်ဖို့ဆိုတာကိုAR Controlသမားက တာဝန်ယူ လုပ်ဆောင် ရမှာဖြစ်ပြီး စာရင်းပိုင်းသမားကိုသက်သက်ထားပြီးငွေကောက်ဖို့လူကိုသက်သက်ထားမယ်ဆိုရင်တော့ ငွေကောက်တာဝန်ယူသမားကိုCredit Collector (သို့) Cash Collectorလို့ရာထူးပေးရမှာဖြစ်ပါတယ်..

AR Control သမားနဲ့ Cash Collector သမားတွေ တိကျသေချာစွာ လုပ်ဆောင်မှုရှိမရှိကိုယ့်စာရင်းပိုင်းနဲ့ Customerဘက်က အကြွေး လက်ကျန် ငွေစာရင်း ကိုက်မကိုက်ဆိုတာကိုOver View နဲ့ Recheck လုပ်ပေးဖို့က Senior Accountant တစ်ယောက်ရဲ့ တာဝန်ပါဆိုရင်ရာထူးမှန် တာဝန်မှန်ဖြစ်ပါလိမ့်မယ်။ နောက်တခု Stock စာရင်း Stock စာရင်းကိုင်ပေးသူကိုStock Controller လို့ခေါ်ပြီး သူ့လက်အောက်မှာ Storekeeper နဲ့ သက်ဆိုင်ရာ အရောင်းပိုင်းတာဝန်ခံများရှိသေးတာမို့ Stock ကောက်ဖို့ကလည်း Senior Accountant တစ်ယောက်ရဲ့တာဝန်သီးသန့်မဟုတ်ပါ။ လိုအပ်လို့ အောက်ခြေထိဆင်းပြီး စစ်ဆေးရတာ မျိုးကိုတော့ လွှဲရှောင်လို့မရပေမယ့် လစဉ်လတိုင်း Senior Accountant ကြီးက ရှိသမျှဆိုင်တွေမှာ Stock လိုက်ကောက်ဖို့ကို အဓိကတာဝန်ပေးတာပါ ဆိုတာတေော့ရာထူးနဲ့တာဝန်လွဲနေခြင်းသာ ဖြစ်ပါတယ်.....

Admin ပိုင်းဆိုင်ရာတွေမှာ တာဝန်ပေးဖို့ဆိုလာတာကလည်း စာရင်းကိုင်မှန်ရင် Management မရလို့ မဖြစ်ဘူးလို့ စာရေးသူသင်တန်းသူသင်တန်းသားတိုင်းကို သင်နေကြ စကားတခုပါ။ သို့သော် Accounting က ကိုယ့်ရဲ့ Main Duty မို့ Main မှာအားမထည့်နိုင်ပဲ အပြင်တွေပဲသွားနေရလို့ စာရင်းတွေ မလုပ်နိုင်ဘူးဆိုရင် အချိန်တန် လချုပ် စာရင်းနဲ့ Financial Statements တွေကို ထုတ်ပြန်တင်ပြပေးဖို့ အားနည်းနေမှာဖြစ်တယ် ဆိုတာ အလုပ်ရှင်တွေက သတိလွတ်နေတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရာထူးက လူကြီးနေရာမှာတည်ရှိနေလို့ တကယ့်အရေးတကြီးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ပေးရတာ ပြသနာမရှိပေမယ့် ကိစ္စသေးသေးလေးကအစ အပြင်ထွက်ပြီး လိုက်လုပ် ပေးနေရတဲ့ Admin တာဝန်တွေယူနေရမယ်ဆိုရင်လည်း Senior Accountant မပြောနဲ့ Assistant Accountant တစ်ဦးတောင် ကြာရင် အလုပ်မနိုင်နင်းတာ လုပ်ချင်တာ စာရင်း လုပ်ရတော့ အပြင်တွေချည်းပဲ ဆိုပြီး စိတ်ပျက်လာတတ်ကြလို့ အဲ့အလုပ်ကို ထွက်ဖို့ပြောင်းဖို့ စဉ်းစားလာကြမှာ အမှန်ပါ။

ဒါကြောင့် စာရင်းကိုင် တာဝန်နဲ့ အလုပ်လျှောက်ထားကြမယ့် လူတိုင်း စာရေးသူအကြံပြုလိုတာက အလုပ်ရှင် တော်တော်များများက စာရင်းပညာပိုင်းမှာ အားနည်းကျလို့ စာရင်းကိုင်နဲ့ ပတ်သက်တဲ့ရာထူးတွေမှာ လူမှန်နေရာမှန် ရာထူးမှန် တာဝန်မှန် မပေးတတ်ကြတဲ့ သဘာဝရှိနေတာကိုသတိပြုပြီး ကိုယ့်ဘက်ကဘဲ ပြန်ချင့်ချိန် စဉ်းစားတတ်ဖို့ လိုပါလိမ့်မယ်။

ငါ့ပညာနဲ့ ငါလျှောက်တဲ့ရာထူးနဲ့ သူပေးအပ်လာတဲ့ အလုပ်တာဝန် ဖြစ်သင့် မဖြစ်သင့်လား အလုပ်ခန့် လာသည့်တိုင် ငါလုပ်သင့် မလုပ်သင့်ဆိုတာတွေကို ကိုယ်တိုင်စဉ်းစား ချင့်ချိန်နိုင်ဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင် အလုပ်ရပြီးရော လက်ခံပြီးမှသိပ်မကြာ အဆင်မပြေမှုတွေ အလုပ်အပေါ် စိတ်တိုင်းမကျမှုတွေ ဖြစ်ပြီး အလုပ်ထွက်မယ် ပြောင်းမယ်ဆိုရင် စာရင်းကိုင်ဝန်ထမ်းဆိုတာ တခြားရာထူးအလုပ်တွေလို ထွက်လွယ်တဲ့ အလုပ်မဟုတ်ပါ။ စာရင်းဇယားနဲ့ ငွေကြေးကိစ္စတွေကို လွှဲအပ်ပြီးမှ ထွက်ရတာမို့ အစထဲက သေချာရွေးချယ်ပြီးမှ လက်ခံသင့်ပါတယ်။

စာရေးသူ သင်တန်းသူ သင်တန်းသားတွေကို အမြဲ မှာနေကြစကားရှိတယ် ဒီစာရင်းပိုင်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုတော့မယ် ဆုံးဖြတ်ပြီးရင် ဒီပညာကို ကျွမ်းကျင်အောင်လုပ် ကျွမ်းကျင်တာ သေချာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပါ။

အလုပ်ရပြီးရော မလုပ်ဘဲ အလုပ်က ကိုယ့်ကိုရွေးချယ်တာ မဖြစ်စေနဲ့ အလုပ်ကိုယ်သာ ကိုယ်က ပြန်ရွေးနိုင်တဲ့ အရည်အချင်းရှိအောင် ကြိုးစားမယ်ဆိုရင် အလုပ်လည်းမရှားသလို ရာထူးကောင်း လစာကောင်း လူမှန်နေရာမှန် ရာထူးမှန် အလုပ်တာ၀န်မှန်တဲ့ အလုပ်အကိုင်တွေနဲ့ အဆင်ပြေချောမွေ့စွာ ရပ်တည်နိုင်ကြ ပါလိမ့်မယ်လို့ စေတနာစကားနဲ့ အကြံပေး ရေးသားလိုက်ရပါတယ်............