Blogs

WELCOME TO BEST CHOICE!
"Best Choice ... for your successful life"
Daw Hanni Thaw

(Founder & CEO of Best Choice Professional Training)

စာရင်းကိုင်များနှင့် အလုပ်လျှောက်ထားမည့်သူများ သိစေချင်

Business Career မှာကျင်လည်နေကြတဲ့လူငယ်လူရွယ်များအားလုံးကို ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီးရေးသားတင်ပြလိုက်ပါတယ်။

တစ်နေ့ စာရေးသူရဲ့ Employment Agency မှာ ကလေးမလေးတစ်ယောက် အလုပ်လာလျှောက်ပါတယ်။ Senior Accountant Position နဲ့ဆိုပါတော့။

ဒါနဲ့ ကိုယ်လည်းသူ့CV FORM ကိုဖတ်ကြည့်လိုက်တော့ Company တစ်ခုမှာ လုပ်သက် (၁နှစ်ကျော်)လောက်လုပ်ခဲ့ဖူးတာကိုတွေ့လိုက်ရပါတယ်။ရာထူးနေရာက Assistant Accountant နဲ့ လုပ်ရပြီးJD ကတော့ Sale Invoice တွေ နေ့စဉ်စာရင်းသွင်းတယ်၊Sale Report ထုတ်ပေးတယ် ဆိုတာတွေကို ဖတ်လိုက်ရပါတယ်။

အဲ့ဒီမှာစတွေ့ပါပြီ…

စာရေးသူကမေးတယ် သမီး Senior Accountant Position ကို ဘာကြောင့်လျှောက်တာလဲလို့ မေးတော့ ဒီရာထူးနဲ့လုပ်ရတာ မလုပ်ချင်တော့လို့ ပြောင်းလျှောက်ကြည့်တာတဲ့…..

ဒါဆိုရင် Senior Accountant တစ်ယောက် ဘာတွေလုပ်ရတယ် ဘာတာဝန်တွေယူရတယ်ဆိုတာ သမီးသိသလားမေးတော့ မသိဘူးတဲ့ ဒီလိုပဲ လက်ရှိ Assistant Account ရာထူးနဲ့မလုပ်ချင်တာနဲ့ senior ပြောင်းလျှောက်ကြည့်တာတဲ့။ ဒီနေရာမှာ စာရေးသူအနေနဲ့ ပြောစရာတွေ အများကြီးကြုံလာပါပြီ။ လူငယ်လူရွယ်တွေရဲ့ အလုပ်တစ်ခုလျှောက်တဲ့အခါမှာ ကိုယ်တတ်ကျွမ်းတဲ့ပညာနဲ့ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေက ဘာတွေလည်း၊ အလုပ်ပုံစံတစ်ခုမှာ သူ့ရဲ့သဘောသဘာဝက ဘာတွေလည်း ၊ဘယ်လိုလုပ်ရမှာလည်း၊ ဘယ်ရာထူးနဲ့ဆိုရင် သူ့ရဲ့အလုပ်တာဝန် ၀တ္တရားတွေက ဘာတွေဖြစ်မလည်း ဆိုတာမျိုးကို ကြိုတင်တွေးခေါ် လေ့လာထားတာမျိုးမရှိဘဲ အလုပ်ပုံစံ တစ်ခုရဲ့ခေါ်စာမြင်ရင် ဘာမှန်းညာမှန်းမသိလျှောက်ချင် ဖောင်တင်ချင်တယ် လစာများတာမြင်ရင် အဲ့အလုပ်တာဝန် ၀တ္တရားတွေက ဘာတွေဖြစ်နိုင်မည် မသိဘဲနှင့် ရမ်းပြီးအလုပ်ဖောင်တင်ချင်နေတာမျိုးတွေ နေ့စဉ်ဆိုသလို တွေ့မြင်နေရလို့ ဒီလိုလုပ်ရပ်မျိုးတွေက တအားမှားယွင်းနေတယ်ဆိုတာကို လူငယ်လူရွယ်တွေကို သိစေချင်မိပါတယ်။

စီးပွားလုပ်ငန်းတစ်ခုရဲ့စာရင်းဌာနမှာ Senior Accountant ဆိုတာ Chief Accountant တစ်ယောက်ရဲ့အကူအဖြစ်လုပ်ကိုင်ရမှာဖြစ်လို့ ခုခေတ် လူတွေပြောနေတဲ့ တော်ရုံစကေးနဲ့တော့ မရပါဘူး။

အောက်ခြေက တက်လာတဲ့ စာရင်းအစိတ်အပိုင်းများအားလုံးကို Senior Account ဆီမှာ ပြန်ပေါင်းရမှာဖြစ်သလို အောက်ခြေမှာလုပ်ကိုင်နေသူ Assistant Accountant များရဲ့ စာရင်းမှတ်တမ်းများ ပုံစံကျနမှှုရှိအောင် ၊ပြည့်စုံမှန်ကန်တဲ့စာရင်းတွေရရှိအောင်လည်း စီမံခန့်ခွဲပေးရသလို၊ စစ်ဆေးပေးခြင်း၊ထိန်းကျောင်းပြုပြင်ပေးခြင်း၊လိုအပ်သလို သင်ပြပေးခြင်း များအပြင်၊ဖြစ်သမျှပြသနာရပ်အားလုံးကိုလည်း ဖြေရှင်းနိုင်စွမ်းရှိရပါမယ်။ ဒါမှသာ Assistant Accountant များရဲ့အထက်လူကြီးအဖြစ် Senior Accountant ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ဖက်ညီမှာ ဖြစ်ပါတယ်။

စာရင်းတွေရေးဆွဲတဲ့ အခါမှာလည်း Assistant တွေဆီက တက်လာတဲ့ စာရင်းတွေကို ပြန်လည် Review Check မလုပ်ဘဲ စာရင်းအမှားအယွင်းတွေရှိနေလို့ စာရင်း Report တွေ မှားလာတဲ့အခါ အောက်ကလူတွေ လုပ်နေတာ ကျွန်မလည်း မသိဘူးလို့ ပြောလို့မရသလို၊အောက်ကတက်လာတဲ့ စာရင်းတွေကို သူတို့ပေးတဲ့ ကိန်းဂဏန်းအတိုင်းစာရင်းထဲထည့်ဆွဲလိုက်တာပဲလို့လည်း ပြောလို့မရပါဘူး။

ကိုယ်က အထက်လူကြီးဖြစ်တဲ့အတွက် Assistant တွေ ဆီက မှားတဲ့စာရင်းကို ကိုယ့်စာရင်းထဲ အမှားအတိုင်းထည့်ဆွဲရင် ကိုယ့်မှာတာဝန်အပြည့်ရှိတာကို နားလည်ထားဖို့လိုပါတယ်။ နောက်တစ်ခုက စီးပွားရေးလုပ်ငန်းတွေမှာ တကယ်တမ်းအတတ်ပညာတစ်ခုနဲ့အလုပ်လုပ်ပြီ ဆိုရင် ဘယ်လိုအတတ်ပညာနဲ့ဆိုတာရဲ့နောက်မှာ ဘယ်လိုကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်တယ် ဆိုတဲ့သဘောကပါ တွဲလျက်ပါလာတာမို့၊အလုပ်ရာထူး တစ်ခုဆိုတာကလည်း ဘယ်လိုလုပ်နိုင်ရင် ဘယ်လိုတာဝန်ယူနိုင်ရင် ဘယ်လိုရာထူးအဆင့်ဆိုတာမျိုးနဲ့ ကန့်သတ်သတ်မှတ်ရတာဖြစ်တဲ့အတွက် Assistant Accountant ကတော့စာရင်းပညာအဆင့် ဘယ်လောက်ပဲရှိပြီး ဘယ်လောက်ပဲလုပ်တတ်ရင် ရတယ်ဆိုတာမျိုးနဲ့ သတ်မှတ်ပြီးဝန်ထမ်းခေါ်ကြပါတယ်။ ၊Senior Accountant ဆိုရင်တော့ စာရင်းပညာအဆင့် ဘယ်လောက်ထိရှိပြီး ဘယ်လိုစာရင်းတာဝန်မျိုးတွေယူနိုင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကလည်း ရှိလာမှာဖြစ်ပါတယ်။ဒီတော့ စာရင်းပညာနဲ့ပတ်သတ်ပြီး ကိုယ်က ဘယ်အဆင့်ထိရတယ် ဘယ်လောက်နားလည်ကျွမ်းကျင်တယ် ဆိုတာမျိုးကိုတွေးပြီးမှ အလုပ်တာဝန်ကို ကိုယ်ဘယ်အဆင့်ထိယူနိုင်မလဲတွေးပါ။

ပြီးရင်တော့ ကိုယ်ယူနိုင်တဲ့အလုပ်တာဝန်ပုံစံကို လုပ်ငန်းတွေဘက်က ဘယ်လိုရာထူးပေးပြီး ခေါ်ထားသလဲ ဆိုတာမျိုးကို လေ့လာပြီးမှ ကိုယ်နဲ့အပ်စပ် သင့်တော်မယ့် အလုပ်နေရာ ရာထူးမျိုးကို လျှောက်လွှာတင်ရမှာဖြစ်ပါတယ်။ ဒီနေ့ ဒီနေရာမှာ အလျင်းသင့်လို့ ပြောချင်ပါတယ် Senior Accountant ဆိုတာမျိုးဟာ Account Department မှာ လူ(၁၀)ယောက်ရှိရင် Chief Accountant ကိုကိုယ့်အထက်ကထားကြည့် ဒါဆိုကိုယ်က ကျန်လူ (၈)ယောက်ရဲ့အထက်မှာနေရတဲ့ တာဝန်ခံတစ်ယောက်ဖြစ်သွားပါပြီ။ဒီတော့ဘာဖြစ်လည်း ကိုယ်အင်တာဗျူးသွားဝင်ရင် Chief Accountant ကအင်တာဗျူးပါလိမ့်မယ်၊Senior Accountant ရာထူးနဲ့ထိုက်တန်သူဖြစ်ရဲ့လား Senior နဲ့လိုက်လျောညီထွေတဲ့ အရည်အချင်းတွေ ရှိရဲ့လားဆိုတာကိုစမ်းစစ်တော့မပေါ့။

ဒီအတွက်မေးလာပါတယ်…Final Account ထိဆွဲနိုင်လားပေါ့။ ဒီအချိန်မှာ ရှင် Final Account ထိဆွဲရမှာလား ကျွန်မက တစ်ခါမှ မဆွဲဖူးပါဘူးဆိုပြီး ဘူးတစ်လုံးဆောင်လိုက်တဲ့အခါ Chief Accountant ကမျက်နှာသိပ်မသာမယာဖြစ်ပြီး ဒါဆိုလည်း Trial Balance ထိဆွဲခိုင်းရင်ကော ရမလားထပ်မေးတော့ Trial ကစာမှာတော့ သင်ဖူးတယ် တခါမှတော့ ဆွဲလည်းမဆွဲဖူးဘူး၊ ကျွန်မလုပ်ခဲ့တဲ့ အလုပ်မှာကTrial မဆွဲခဲ့ရဘူးဆိုတာမျိုးနဲ့ ဘူးခံလိုက်ပြန်တော့ Chief Accountant စိတ်ညစ်သွားပါပြီ။ငါအားကိုးလို့ရမယ့်သူ မဟုတ်ပါလားပေါ့တွေးပါပြီ။

ဒါတောင် စာရင်းဆွဲရမယ့် အဆင့် Level ကိုပဲရည်ရွယ်မေးတာပါ။တကယ့် စာရင်းဆွဲမယ့်အခါမှာ သုံးရမယ့် စာရင်းပညာရပ် နည်းစနစ်တွေကိုသေချာမမေးရသေးပါဘူး။ နေ့စဉ်စာရင်းကိုင်တွယ်ထိန်းသိမ်းနည်းတွေ မပါသေးပါဘူး။ Senior Accountant လျှောက်ပြီဆိုတာနဲ့ စာရင်းကို Final Account ထိဆွဲနိုင်စေချင်တာ၊အနည်းဆုံးတော့ အောက်ခြေကတက်လာသမျှသော စာရင်းအစိတ်အပိုင်းတွေကို ပြန်ပေါင်းစည်းပြီး Trial Balance အဆင့်ထိ ဆွဲပေးစေချင်တာတွေကြောင့် ဒီ(၂ချက်ပဲ)မေးလိုက်သေးတာပါ။

ဒီမှာတင် ကျွန်မ Final Account ထိလည်းမဆွဲတတ်ဘူး၊မဆွဲနိုင်ဘူး၊Trial Balance အဆင့်ထိလည်း တခါမှ မဆွဲဖူးပါဘူးဆိုတော့ကာ Chief Accountant တစ်ယောက်အနေနဲ့ကတော့ နောက်တစ်ယောက် ပြောင်းဗျူးကြည့်ရတော့မပေါ့လို့သာ စိတ်ထဲတွေးလိုက်မှာဖြစ်ပါတယ်။

ဒီတော့ကာ ဒီနေ့မှာ Assistant Account လုပ်ရတာ မလုပ်ချင်တော့လို့ Senior Account ပြောင်းလျှောက်ကြည့်တာဆိုတဲ့ ကလေးရဲ့အဖြစ်မျိုးက ဆင်ကန်းတောတိုး ဆိုသလိုမျိုးဖြစ်တော့မှာပါ။ သေချာတာကတော့ အလုပ်ထဲကို သူလိုချင်တဲ့ ရာထူးမျိုးနဲ့အလုပ်ရဖို့မပြောနဲ့ အင်တာဗျူးဝင်ခွင့်ကို ရမှာမဟုတ်။CV FORM ပေါ်မှာ ပြေးကြည့်မှ လုပ်သက်လေး (တစ်နှစ်ကျော်)သာရှိနေတဲ့အတွက်ရယ်၊ Sale Invoice သာစာရင်းသွင်းဖူးတယ်လို့ ရေးထားတဲ့အတွက်ရယ် Senior Accountant ခေါ်တဲ့အလုပ်တွေက သူ့ကို အင်တာဗျူးဝင်ခွင့်ပေးမှာမဟုတ်တာ အသေအချာပါဘဲ။ဒီအတွက် စာရင်းပညာနဲ့သက်ဆိုင်တဲ့ ရာထူးနေရာတွေ အတွက်အလုပ်လျှောက်မယ့်သူတွေ အတွက်ရော၊တခြားတခြားသော အလုပ်ပုံစံ ရာထူးတွေကို လျှောက်ထားကြမယ့် Business Career တွေ အတွက်လည်း ဗဟုသုတရစေရန် မှီငြိမ်းကိုးကားနိုင်ရန် ရေးသားပေးခြင်းဖြစ်ပါတယ်။

အလုပ်တစ်ခုလျှောက်ဖို့ဆိုရင် အလုပ်ခေါ်စာတွေကို စိတ်ဝင်တစ်စားဖတ်ပါ။

ဘယ်လိုရာထူးမျိုးတွေကို ဘယ်လို အရည်အချင်းကန့်သတ်ချက်တွေနဲ့ခေါ် တတ်တယ်၊ ဘယ်လိုအလုပ်တာဝန်တွေလုပ်နိုင်ရမယ်လို့ ကန့်သတ်ထားတတ်တယ်ဆိုတာမျိုးတွေကို လေ့လာကြည့်ရင် ငါ့မှာဒီလို အချက်အလက်တွေနဲ့ ကိုက်ညီနိုင်သလား၊ဒီလိုအချက်အလက်တွေနဲ့ ကိုက်ညီတဲ့သူဖြစ်အောင် ငါဘာတွေပြင်ဆင်ကြိုးစားရမလည်းဆိုတာမျိုးတွေ တွေးတောကြည့်ပါ။ ဒီအခါမှာ ကိုယ်လုပ်သင့်တာတွေကို လမ်းကြောင်းပေါ်လာပါလိမ့်မယ်။ ဒီရာထူးတွေကို လျှောက်သင့်မလျှောက်သင့်လည်း သိလာပါလိမ့်မယ်။

အဓိကကတော့ လူငယ်တွေ အလုပ်ခေါ်စာတွေကို သေချာဖတ်ရှု့လေ့ လာဖို့ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ စာရင်းကိုင်တွေအတွက် အပိုင်းကို ပြန်လှည့်ပါ့မယ်။ စာရင်းပညာနဲ့ အလုပ်မယ့်လူတိုင်းဟာ စာရင်းပညာရပ်တွေကို လေ့လာသင်ယူဖူးသူတွေပဲ ဖြစ်မှာပါ။

ဒီအတွက်ကိုယ်လေ့လာသင်ယူခဲ့ရတဲ့စာရင်းပညာ သီအိုရီတွေ၊ စာရင်းပညာနည်းဗျူဟာတွေ၊ စာရင်းစည်းမျဉ်းတွေကိုလေးလေးနက်နက်လေ့လာထားပြီး ဒါတွေကို လက်တွေ့လုပ်ငန်းခွင်မှာ ပြန်အသုံးချရတာပါဆိုတဲ့ အတွေးမျိုးရှိဖို့ အရမ်းလိုအပ်ပါတယ်။

စာလိုသာ သင်လိုက်တယ် အဓိကက စာမေးပွဲအောင်ဖို့ လက်မှတ်ရဖို့သာ အရေးကြီးတာဆိုတဲ့ စိတ်နဲ့ သင်ယူခဲ့ပြီး လုပ်ငန်းခွင်သာရောက်လာတယ် သင်ယူခဲ့တဲ့ စာရင်းပညာတွေကို ပြန်လည်အသုံးမပြုနိုင်၊ထပ်မံလေ့လာမှုလည်းဘာမှမလုပ်ဘဲ စာကတခြား အလုပ်က တခြားပါဘဲလို့ တွေးထင်နေတာတွေကြောင့် မေးလိုက်ရင် LCCI အောင်ပြီးပြီလားမေး အောင်ပြီးပြီစာရင်းပိုင်းမှာ ဘာတွေလုပ်ပေးတတ်မလဲမေး ဘာမှရေရေရာ ရာလုပ်မပေးတတ်ဘဲ အလုပ်တွေလိုက်လျှောက် ရတဲ့အလုပ်လေးလုပ်ပြီး ကိုယ့်ကိုယ်ကို စာရင်းကိုင်လို့ တရားသေသတ်မှတ်ထားနေကြပါတော့တယ်။ တကယ်တော့ စာရင်းကိုင်တစ်ယောက်မှာ အရှိသင့်ဆုံးအရည်အချင်းက ဘာလဲမေးရင် (Accounting Concept) လို့ခေါ်တဲ့ စာရင်းပညာနဲ့သက်ဆိုင်တဲ့အတွေးအခေါ်အယူအဆ၊ အသိပညာ ဗဟုသုတတွေပြည့်စုံဖို့က အဓိကပါဘဲ။Accounting Line နဲ့အသက်မွေးမယ့်သူ Accountant တစ်ယောက်အဖြစ်နဲ့ ရပ်တည်ပြီး Career Life ကိုဖြတ်သန်းမယ့်လူတစ်ယောက်က စာရင်းပညာနဲ့သက်ဆိုင်တာတွေကို ဘာမှမသိ ဘာမှမတွေးတတ် သင်ကြားခဲ့ဖူးသမျှတွေကိုလည်း ဘာမှခေါင်းထဲမကျန်ဘဲနဲ့ စာရင်းပညာတွေကို အသုံးချပြီးလုပ်ရမယ့် မည်သည့်အလုပ်ကိုမှ သေသေချာချာလုပ်နိုင်မှာမဟုတ်သလို ထူးချွန်တဲ့ ကျွမ်းကျင်စာရင်းကိုင်တစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။

တကယ်တော့ စာရင်းကိုင်တစ်ယောက်ဆိုတာ....... Accounting ပညာတွေကို အသုံးချပြီးအလုပ်လုပ်နိုင်မှ စာရင်းကိုင်ဖြစ်မှာပါ။Accounting ပညာကိုမသုံးဘဲ စာရင်းကိုင်လုပ်နေရင်တော့ စာရေးမတွေ စာရေးတွေပဲ ဖြစ်ပါလိမ့်မယ်။ဘာလို့ဒီစကားပြောသလဲဆိုရင် ဥပမာ အရောင်းဆိုင်တစ်ခုခု၊ပွဲရုံတစ်ခုခု၊ စက်ရုံတစ်ခုခု၊လုပ်ငန်းတစ်ခုခုမှာ စာရင်းနဲ့သက်ဆိုင်တဲ့ ရေးမှတ်မှုလေး တစ်ခုခုအတွက်သာ လုပ်ကိုင်ပေးမယ့်လူလိုလို့ အလုပ်ခေါ်ရင် စာရင်းဘွဲ့တွေ၊စာရင်းဒီပလိုမာတွေ မရှိတဲ့သူတွေကို ခေါ်ပြီးခိုင်းလိုက်တာပါပဲ၊ပြီးရင် အဲ့ဒီလူကို ခေါ်ကြပါတယ် (စာရေးမ)တဲ့…နောက် စာရင်းပညာဘွဲ့ရမဟုတ်ဘဲ၊စာရင်းဒီပလိုမာတွေ ရထားသူမဟုတ်ဘဲ အလုပ်စဝင်ကထဲက ရုံးပိုင်းရာထူးနဲ့လျှောက်သူကိုလည်း တချို့လုပ်ငန်းတွေက Computer ထဲမှာ စာရင်းတွေထည့်ပေးဆိုပြီး ခိုင်းလိုက်တာပါပဲ၊အဲ့လို Computer ထဲစာရင်းတွေထည့်ပေးရတဲ့သူကို စာရင်းကိုင်လို့ ရာထူးသတ်မှတ်သလားမေးတော့ မသတ်မှတ်ပါဘူး၊ ရာထူးက ရုံးစာရေးပါဘဲ။

ဒီတော့ စာရင်းပညာတွေကို အတွင်းကျကျသင်ယူပြီး စာရင်းဘွဲ့တွေ ၊ ဒီပလိုမာတွေ ယူထားပြီး လုပ်နေတဲ့ပုံစံက စာရင်းပညာတွေကို သေချာအသုံးချပြီးလုပ်နေတာမျိုးမဟုတ်ဘဲ စာအုပ်ထဲ Computer ထဲ စာရင်းလေးတွေထိုင်ရေးထည့်နေတာကို စာရင်းကိုင်လို့ ထင်ရင်တော့ စာရင်းကိုင်ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုမယ့် လူတစ်ယောက်ဟာ ကိုယ်ဟာ စာရင်းကိုင် အစစ်မဟုတ်မှန်း စာရေးအဆင့် ၊စာရေးမ အဆင့်ဖြစ်နေတာကို ကိုယ့်ကိုယ်ကိုမသိဘဲ ကိုယ့်ဘဝတက်လည်း ပိတ်မိနေတာကို သတိမပြုမိဘဲ ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ပေးချင်တဲ့ အဓိက message လေးကတော့ စာရင်းကိုင်ပညာနဲ့အသက်မွေးမယ့်လူတိုင်းသည် စာရင်းကိုင်ပညာတွေကို သေချာလေးလေးနက်နက်လေ့လာနိုင်ဖို့လိုသလို ၊ထဲထဲဝင်ဝင်လေ့လာသိရှိဖို့၊ လေ့လာသမျှကိုလည်း ပြန်အသုံးချနိုင်ဖို့ လိုပါမယ်။Account ဆိုတာ ဘာလဲ၊ Accounting ဆိုတာဘာလဲ၊ Accountant ဆိုတာဘာလည်း၊ဘာတွေလုပ်ရတာလည်း ၊ဘယ်လိုတာဝန်ဝတ္တရားတွေရှိသလဲ၊ စီးပွားရေးလုပ်ငန်းတွေက Accountant တွေဘာလို့ ခန့်ထားရသလဲဆိုတာမျိုးတွေကို သေချာမသိဘဲ စာရင်းကိုင်လို့ ကိုယ့်ကိုယ်ကိုလွယ်လွယ်သတ်မှတ်ပြီး စာရင်းကိုင်အလုပ်ကို လွယ်လွယ်လေးလို့ ထင်ပြီး နေ့စဉ်အလုပ်နဲ့ ဘဝကို ဖြတ်သန်းမနေသင့်ပါဘူး။

ဘဝရပ်တည်ဖို့အတွက် အလုပ်တစ်ခုခုလုပ်ပြီး ငွေရှာရမှာပါဘဲ၊ဒါပေမယ့် အလုပ်တွေမှာ ပညာအဆင့်အတန်း၊ကျွမ်းကျင်မှုအဆင့်အတန်း၊ရာထူးအဆင့်အတန်းတွေကို ခွဲခြားသတ်မှတ်ထားတဲ့အတွက် ငွေရရုံသက်သက်နဲ့ အလုပ်မလုပ်ဘဲ အလုပ်ခွင်မှာ ကိုယ့်အဆင့်အတန်းက ဘယ်အဆင့်မှာဝင်နေတယ် ဆိုတာကလည်း ကိုယ့်ဘဝအဆင့်အတန်းတစ်ခုကို ထင်ဟပ်စေတဲ့အတွက် ကိုယ်ဟာ အလုပ်မှာရော ဘဝမှာပါ အဆင့်အတန်းတစ်ခု (သို့မဟုတ်)အဆင့်မြင့်ရာထူးတစ်ခုနဲ့ ရပ်တည်နိုင်တဲ့သူလည်းဖြစ်အောင် ကြံဆောင်ကြိုးစားသင့်ပါတယ်။ကျွန်မတို့ နေ့စဉ်ဖြတ်သန်းနေတဲ့ လူ့အသိုင်းအဝိုင်းမှာ ငွေရဖို့အတွက်ဆို စျေးထဲက စျေးသည်တွေလည်း ငွေရအောင်ရှာနိုင်တာပါဘဲ။ကားသမားတွေလည်း ကားမောင်းပြီး ငွေရှာနိုင်တာပါဘဲ။ဆိုက်ကားနင်းတဲ့သူလည်း သူ့နည်းနဲ့သူတော့ ငွေရှာနိုင်တာပါဘဲ။

ဒါပေမယ့် ဘဝရပ်တည်မှုနဲ့ အဆင့်အတန်းသတ်မှတ်မှုမှာတော့ စီးပွားလုပ်ငန်းကြီးတွေမှာ ပိုင်ရှင်မဟုတ်ပေမယ့် အဆင့်မြင့်ရာထူးတာဝန်တွေယူထားကြတဲ့ လူတွေနဲ့ ငွေရှာနည်းမတူသလို ဘဝရပ်တည်မှုအဆင့်အတန်းလည်း မတူကြပါဘူး။ဒီတော့ စီးပွားလုပ်ငန်းတွေမှာ ဝန်ထမ်းအဖြစ်နဲ့လုပ်ကိုင်ကြတဲ့အခါ ကိုယ်ပိုင်လုပ်ငန်းမဟုတ်ပေမယ့် ကိုယ်က အဆင့်မြင့်ရာထူးတစ်ခုနဲ့ လုပ်ကိုင်နေတဲ့ ကိုယ့်အထက်က လူတွေနေရာကို ကိုယ်ကော တချိန်မှာ ရအောင် မကြိုးစား သင့်ဘူးလား၊မကြိုးစားနိုင်ဘူးလား ဆိုတာမျိုး တွေးတောပြီး နေ့စဉ် ဘဝကိုဖြတ်သန်းသင့်ပါတယ်။ ဒီလို ရာထူးနေရာတွေရဖို့တော့ တော်ရုံပညာ တော်ရုံကျွမ်းကျင်မှုနဲ့ မရတတ်သလို ဒီလိုနေရာတွေရတော့ဘာဖြစ်လည်း အလုပ်တိုင်းမှာ သူ့ရာထူးနဲ့ သူ့တာဝန်ခွဲပြီး လစာကို အဆင့်လိုက်သတ်မှတ်ပေးကြတာ မဟုတ်လား။ ဒီတော့ရှင်းပါတယ် ရာထူးကြီးတွေရတော့ တာဝန်လည်းများသလို လုပ်ခလစာလည်း များတယ်လေ။စာရင်းကိုင်ပညာရပ်နဲ့ ရာထူးကြီး လစာကြီးရနေတဲ့ လူတွေကိုပဲ လေ့လာကြည့်ပါ (အနည်းဆုံးဆိုတာ ၈သိန်းကနေ-သိန်း ၃၀ထိ)ရနေကြသူူတွေကိုကြည့်ရင် ကိုယ်ရော ဒီလိုမရချင်ဘူးလား၊ရချင်မှာပါဘဲ။

ဒါပေမယ့် ငွေကိုပဲ မကြည့်ပါနဲ့.... ငွေကိုပဲ မလိုချင်ပါနဲ့ ၊အဲ့လောက် လစာငွေတွေလိုချင်ရင် ကုမ္ပဏီလုပ်ငန်းကြီးမှာ လုပ်ငန်းရှင်ကိုယ်စား ကိုယ်က ကိစ္စတော်တော်များများကို တာဝန်ယူလုပ်ကိုင်ပေးရမယ့် အခြေအနေဆိုက်လာပါလိမ့်မယ်။ ဒီအခါ တော်ရုံအသိပညာ၊အတတ်ပညာ၊အတွေ့အကြုံ၊ဗဟုသုတ၊ကျွမ်းကျင်မှုတွေနဲ့တော့ မရနိုင်တော့တာကို သတိပြုပါ။

အချုပ်အားဖြင့် စီးပွားရေးလုပ်ငန်းတွေမှာ ဝန်ထမ်းအဖြစ်လုပ်ကိုင် အသက်မွေး ရမယ့် သူတွေဟာ ကိုယ်စိတ်သန်ရာ ကိုယ်ရွေးချယ်ထားတဲ့ အလုပ် လမ်းကြောင်းအလိုက် လိုအပ်မယ့် အတတ်ပညာတွေကို လေ့လာဆည်းပူးပြီး လုပ်ငန်းခွင်ဝင်တော့မယ်ဆိုရင် ကိုယ်သင်ယူခဲ့တဲ့ ပညာရပ်တွေကို လက်တွေ့မှာအသုံးချလုပ်ကိုင်တတ်ဖို့၊လုပ်ကိုင်နိုင်ဖို့ ကြိုတင်တွေးခေါ်ရမှာ ကြိုးစားရမှာဖြစ်ပြီး၊လက်ရှိလုပ်နေတဲ့ အလုပ်ကနေ နောက်တစ်ခုကိုပြောင်းနိုင်ဖို့ဆိုရင် ကိုယ့်မှာ ဘာတွေလုပ်ဖူးထားလဲ၊ ဘာကျွမ်းကျင်မှုတွေ ကိုယ့်မှာရှိနေပြီလဲဆိုတာ အမြဲဆန်းစစ်ထားပြီး၊ အလုပ်ခေါ်စာတွေကို ဖတ်ရှုလေ့လာကြည့် ဘယ်လိုရာထူးမျိုးကို ဘယ်လိုကန့်သတ်ချက်တွေ ရှိတတ်သလဲ။ဘယ်လိုအလုပ်တာဝန်တွေကို လုပ်နိုင်ရမယ်လို့ ကန့်သတ်ထားသလဲဆိုတာတွေ လေ့လာ ထားပြီး တချိန်မှာ ကိုယ်ဒီလိုရာထူးကိုလျှောက်ဖို့ ဘာတွေပြင်ဆင်ထားရမလဲဆိုတာတွေ တွေးတောဆင်ခြင်ပြီး တဆင့်ချင်း အစီစဉ်ချပြီးပြုလုပ်သွားရမှာဖြစ်ပါတယ်။

လက်ရှိလုပ်နေတဲ့အလုပ်မှာလည်း ရသမျှပညာယူ၊ရှေ့ဆက်ပြီးလည်း ကိုယ့်အလုပ်နဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေ (Accountingဆို Accounting ၊HR ဆို လည်းHR၊ Marketing ဆိုလည်းMarketing ပညာ) စတာတွေကို စဉ်ဆက် မပြတ် လေ့လာ၊ဗဟုသုတရှာမှီးပြီး၊တချိန်မှာ ကိုယ်ရည်မှန်းထားတဲ့ အလုပ်ပုံစံ ရာထူးပုံစံတစ်ခုကို ရဲရဲဝံ့ဝံ့လျှောက်လွှာတင်၊အင်တာဗျူးဝင်ပြီး ထူးချွန်ထက်မြက်တဲ့ ဝန်ထမ်းကောင်း တစ်ယောက်အဖြစ်၊ရာထူးလစာ အဆင့်အတန်းမြင့်မားတဲ့ လူတစ်ယောက်အဖြစ် ဘဝမှာ အခြေအနေတခုနဲ့ အောင်မြင်စွာရပ်တည်နိုင်ဖို့ ကြိုးစားသင့်လှပါကြောင်းစေတနာစကားနဲ့ အကြံပေးရေးသားလိုက်ရပါတယ်။

စကားချပ်။ ။ဒီဆောင်းပါးထဲတွင် စာရင်းကိုင်အနေဖြင့် အသက်မွေး ဝမ်းကြောင်းပြုသူများအတွက် ပညာယူစရာ အကြောင်းအရာတွေ အဓိကပါနေတဲ့အတွက် စာရင်းကိုင်လုပ်လိုသူများ သေချာဖတ်ရှုစေလိုပါတယ်)

လူသားအားလုံးကို အောင်မြင်စေလိုသော ဆန္ဒဖြင့်