Blogs

WELCOME TO BEST CHOICE!
"Best Choice ... for your successful life"
Daw Hanni Thaw

(Founder & CEO of Best Choice Professional Training)

အလုပ်ထဲမှာ ပျော်အောင်နေနည်း (၁၀ချက်)

  1. Job ကိုရှောင်ပြီး ကိုယ်နဲ့ကိုက်ညီ မှန်ကန်သင့်တော်တဲ့ Career တစ်ခုဖြင့်အလုပ်လုပ်ပါ
  2. အလုပ်ထဲမှာ အမှားနည်းအောင် ကြိုးစားလုပ်ဆောင်ပါ
  3. ကိုယ်လုပ်မယ့် အလုပ်နဲ့ သက်ဆိုင်တဲ့ Concepts, Knowledge and Skills တွေရှိအောင် အမြဲမပြတ် သင်ယူလေ့လာကြိုးပမ်းအားထုတ်ပါ
  4. EQ ရှိအောင် EQ ကောင်းအောင် ကြိုးစားပါ
  5. Empathy (လူတစ်ဖက်သားအပေါ် စာနာနားလည်စိတ် ကိုယ်ချင်းစာစိတ်) အပြည့်ထားပါ
  6. Respect (လူတဖက်သားကို လေးစားတတ်သောစိတ်) အမြဲမွေးမြူထားပါ
  7. Teamwork (အသင်းအဖွဲ့နဲ့စည်းလုံးညီညွတ်စွာ လုပ်ကိုင်ချင်စိတ်) ရှိပါစေ
  8. Jealousy (မနာလို ဝန်တိုစိတ်များ ဖယ်ရှားထားပါ)
  9. Expectation (မျှော်လင့်ချက်တွေ အလွန်အကျွံမထားမိပါစေနဲ့)
  10. Value & Self-Confident (ကိုယ့်တန်ဖိုးကိုသိခြင်းနှင့် ကိုယ့်ကိုယ်ကိုယုံကြည်မှု) ရှိအောင်နေပါ

အထက်ပါအချက်များကို အသေးစိတ်ရှင်းပြပေးပါမယ် လက်ရှိအလုပ်ထဲမှာ ရောက်နေတဲ့လူတိုင်းကိုမေးချင်ပါတယ် အလုပ်ထဲမှာ ပျော်ကြရဲ့လားလို့ …

မပျော်ဘူးလို့ ဖြေချင်ရင်တော့ ဘာကြောင့်မပျော်တာလဲလို့ ပြန်မေးချင်ပါတယ်…

အလုပ်ထဲမှာ မပျော်နိုင်တဲ့ အကြောင်းအရင်းတွေကတော့ ပြောမယ်ဆိုရင် အများကြီးရှိနိုင်မှာပေါ့နော် ဒါပေမယ့် အဓိကအကြောင်းအရင်းကို ကိုယ်တိုင်က မတွေးမိကြဘူး မသိရှိကြဘူးဆိုရင်ဖြင့် ကိုယ့်ဘဝမှာ

နေ့စဉ်နဲ့ အမျှက အိမ်မှာနေတာထက် အလုပ်မှာ နေနေရတဲ့ အချိန်ကပိုများတဲ့အတွက် လူတွေဟာ ကိုယ့်ဘဝမှာ လူဖြစ်ရကျိုးမနပ်သလို ခံစားလာရပြီး စိတ်ပန်းလူပန်းနဲ့ ကိုယ့်ဘ၀ အခြေအနေကို ငြီးငွေ့စိတ်ပျက်လာ မှာအမှန်ဘဲမလား….

ဒါကြောင့် အလုပ်ထဲမှာ မပျော်ရင် ဘာလို့ မပျော်တာလဲ ပျော်အောင်ဘယ်လိုနေမလဲ ဆိုတာတွေကို အတူတူ ဝိုင်းစဉ်းစားရင်း ပျော်အောင်နေတတ်ဖို့ နည်းလမ်းတွေကို ကျွန်မက ဆွေးနွေးတင်ပြပေးချင်ပါတယ်…

ပထမဆုံး အလုပ်ထဲမှာ ဘာလို့ မပျော်သလဲဆိုတဲ့ အကြောင်းရင်းကို စဉ်းစားမယ်ဆိုရင် ကိုယ်နေ့စဉ်လုပ်နေရတဲ့ အလုပ်က ကိုယ့်ရဲ့ Job လား Career လားဆိုတာကို စဉ်းစားကြည့်ရပါမယ်…

ဘာလို့လဲဆိုတော့ လုပ်နေရတဲ့ အလုပ်က Job ဖြစ်နေမယ်ဆိုရင် အလုပ်ထဲမှာ မပျော်နိုင်တဲ့ အဓိကအကျဆုံး အချက်တစ်ခုကို စတွေ့ပြီလို့မှတ်ပါ….

ဒါဆိုရင် ဒီလိုတွေးတာတော့ဟုတ်ပါပြီ Job ဆိုတာဘာလဲ….

Career ဆိုကရော ဘာလဲ ဆိုတာကို သိထားမှ ဖြစ်မှာပေါ့နော်….

Job နဲ့ Career က ဘယ်လိုကွဲပြားသလဲ ဆိုတာကို သိတဲ့သူရှိမယ် မသိသေးတဲ့သူတွေလည်း ရှိမယ်ထင်ပါတယ်..

ဒီအတွက် Job နဲ့ Career ရဲ့ကွဲပြားပုံကို အရင်ဆုံးပြောပြချင်ပါတယ်…

Job ဆိုတာ ဝင်ငွေရအောင် လုပ်တဲ့အလုပ်…

  • ကိုယ့်ရဲ့စိတ်ဝင်စားမှုတွေ ဝါသနာတွေဘာမှမပါဘဲ လုပ်ဖြစ်နေတဲ့အလုပ်ပါ
  • Job အတွက် ပညာရေးနဲ့အခြားသင်တန်းတွေ တက်မြောက်ထားမှုတွေ လိုတာလည်းရှိမယ် ပညာရေးဆိုင်ရာတွေမလိုတာလည်းရှိပါမယ်…
  • အနာဂတ်အတွက် ရည်ရွယ်ချက်တွေမရှိနိုင်ဘူး ၊လက်ရှိမှာ ပုံမှန်ဝင်ငွေရှိနေရုံမျှသာရည်ရွယ်တယ်
  • ဒါကြောင့် job ဆိုတာ short term အတွက်ဘဲ ဖြစ်နိုင်ပါတယ်…
  • Job တစ်ခုဟာ နောင်အနာဂတ်မှာ ထပ်မံလုပ်ကိုင်ရမယ့် အလုပ်ပုံစံတခုနဲ့ ဆက်နွယ်မှုမရှိနိုင်တာမျိုးကြောင့် Job ကရတဲ့ အတွေ့အကြုံတခုကို နောက်ထပ်အလုပ်ထပ်လျှောက်တဲ့အခါမှာ ပြန်သုံးလို့မရနိုင်တဲ့ပုံစံမျိုးတွေ ဖြစ်နေလေ့ရှိပါတယ်…
  • ကိုယ်လုပ်ချင်တဲ့ အလုပ်ပုံစံမဟုတ်တဲ့အတွက် ဒီအလုပ်အပေါ် စိတ်မပါတာ၊ စိတ်မရှည်တာ ဒီအလုပ်ကြောင့်ရတဲ့ Pressure ဒဏ်တွေမခံနိုင်တာ၊ ကြုံလာတဲ့ အခက်ခဲတွေကို အလွယ်တကူ မကျော်လွှားနိုင်တာတွေဖြစ်စေပါတယ်…ဒါကြောင့် ကိုယ်နေ့စဉ်အလုပ်လုပ်နေရတာ Job ပုံစံဘဲဆိုရင် အလုပ်ခွင်မှာ မပျော်ရွှင်ရခြင်း အကြောင်းတစ်ခုဖြစ်လာပါတယ်…

Career ဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ဝင်စားမှု ၊ဝါသနာတွေပေါ်မှာအခြေခံပြီး ကိုယ်အရူးအမူးဖြစ်တဲ့ အလုပ်ပုံစံတခုနဲ့ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းမှု ပြုတဲ့အလုပ်ဖြစ်ပါတယ်…

  • Career အတွက် လိုအပ်တဲ့ ပညာရေးနဲ့ အတတ်ပညာဆိုင်ရာ လေ့လာသင်ယူမှုတွေကို အထူးပြုလုပ်ဖို့ လိုအပ်ပြီး ကိုယ်လုပ်မယ့် Career နဲ့သက်ဆိုင်တာကို ကျွမ်းကျင်မှုရှိအောင် skills တွေတည်ဆောက် ယူရပါတယ်
  • Careerဟာ အနာဂတ်အတွက် ရေရှည်ရည်မှန်းချက်တွေနဲ့ လုပ်ကိုင်တာဖြစ်ပြီး၊ငွေရရုံတခုထဲအတွက် မဟုတ်ဘဲ ဘဝတိုးတက်အောင်မြင်မှုတွေအတွက်ပါ ရည်ရွယ်လုပ်ဆောင်မှုတွေပါဝင်ပါတယ်… -ဒါကြောင့် Career ဆိုတာ Long Term ဖြစ်ပါတယ်…
  • Career တစ်ခုနဲ့အလုပ်လုပ်မယ်ဆိုရင် ရလာမယ့် Experiences တွေဟာ အလုပ်တစ်ခုပြီးတစ်ခု ချိတ်ဆက်မှုတွေရှိနေလို့ လက်ရှိအခြေနေတခုကနေ နောက်ထပ်အလုပ်တစ်ခုပြောင်းမယ့်အချိန်မှာ ယခင်အတွေ့အကြုံတွေကိုအသုံးချပြီးပိုမိုတိုးတက်တဲ့ Career လမ်းကြောင်းတစ်ခုကို ထပ်မံချဲ့ထွင်နိုင် မယ့်သဘောရှိပါတယ်…
  • ကိုယ်အရမ်းလုပ်ချင်တဲ့ အလုပ်ပုံစံဖြစ်တဲ့အတွက် ဒီအလုပ်အပေါ် စိတ်အားထက်သန်ခြင်း၊ စိတ်ရှည်သီးခံခြင်း ၊ဒီအလုပ်ကြောင့်ရတဲ့ Pressure ဒဏ်တွေကိုခံနိုင်ခြင်း၊ ကြုံလာတဲ့ အခက်ခဲတွေကို အလွယ်တကူ ဖြေရှင်းနိုင်ခြင်း တွေရှိပါလိမ့်မယ်။ ဒီအတွက် အလုပ်လုပ်ရတာ အခက်အခဲတွေ ရှိမယ်ဆိုရင်တောင် စိတ်ညစ်လည်း ခဏဘဲမို့ အလုပ်မှာပျော်နေနိုင်ပါတယ်….

ကဲ ဒီလိုဆိုရင်တော့ Job နဲ့ Career တို့ကွဲပြားပုံကိုသေချာသိသွားပြီဆိုတော့ ကိုယ်နေ့စဉ်အလုပ်ထဲမှာ မပျော်ရွှင်ရတဲ့ အကြောင်းရင်းခံ တစ်ခုက ငွေရရုံ ပုံမှန်လစာလေး ရရုံသာလုပ်နေရတဲ့ Job ဖြစ်နေရင်တော့

အလုပ်ထဲမှာ ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး… ဥပမာ Sales & Marketing မလုပ်ချင်ဘဲ Sales & Marketing လုပ်နေရတဲ့သူ…Store မကိုင်ချင်ဘဲ Store ကိုင်နေရတဲ့လူ…Accountant မလုပ်ချင်ဘဲ Accountant လုပ်နေရတဲ့လူ…စသဖြင့်ပေါ့လေ ကိုယ်ဝါသနာမပါဘဲ စိတ်မပါတဲ့အလုပ်ကို စားဝတ်နေရေးအတွက် ကျိတ်မှိတ်လုပ်နေရတဲ့သူတွေဟာ ကိုယ်ရောက်ရှိနေတဲ့ အလုပ်ထဲမှာ ဘယ်လိုမှ မပျော်နိုင်ပါဘူး…

ဘဝအတွက် တက်လမ်းလည်းမရှိနိုင်လို့ ကိုယ့်ဘဝကို အားမလို အားမရစိတ်တွေနဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ အခါ Motivation ကအလိုလိုကျလာမှာဘဲဖြစ်ပါတယ်။

လုပ်ငန်းခွင်မှာ မှန်ကန်တဲ့ Career ပုံစံတစ်ခုနဲ့ ရပ်တည်လုပ်ကိုင်နေတဲ့ သူတွေအတွက်ကတော့ Job ပုံစံ လုပ်နေရတဲ့သူတွေထက်စာရင် လုပ်ငန်းခွင်ထဲမှာ ပျော်ရွှင်မှုရှိနိုင်ပါလိမ့်မယ်…

ဘာလို့ဆိုတော့ ကိုယ်ဝါသနာပါရာ ကိုယ်စိတ်သန်ရာ အလုပ်ကိုလုပ်နေရတာကိုး….

အလုပ်တွေလုပ်ရင် အဆင်မပြေမှုဆိုတာရှိမှာဘဲ…အဆင်မပြေမှုတွေကြုံတဲ့အခါ စိတ်မှာ pressureဆိုတာ ဝင်လာမှာဘဲ…

ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့ အလုပ်ကိုလုပ်ရင်း ကြုံလာရတဲ့ အဆင်မပြေမှုတွေကိုကျတော့ ကိုယ်ဘယ်လို အကောင်းဆုံးဖြေရှင်းကျော်လွှားမယ်ဆိုတဲ့ စိတ်ကိုမွေးနိုင်ကြတာများတယ်… အဲ့ဒီအလုပ်ရဲ့Pressure ဒဏ်ကို ခံနိုင်ကြတယ်…ဒါကြောင့် အလုပ်လုပ်နေတဲ့ လူအားလုံးဟာ ကိုယ်နေ့စဉ် လုပ်နေတဲ့ အလုပ်ဟာ ကိုယ့်ရဲ့ဝါသနာပါရာ စိတ်သန်ရာ ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်ပုံစံနဲ့ ကိုက်ညီတဲ့ Career တစ်ခုဖြစ်ဖို့လိုအပ်ပါတယ်…

ဒီနေရာမှာ ပြောစရာတော့ရှိတယ် ကိုယ်လုပ်နေတာက ကိုယ်တကယ်လုပ်ချင်တဲ့ Career ပါဘဲ… ဒါပေမယ့် မပျော်ပါဘူး…စိတ်ညစ်နေရတာပါဘဲ…စိတ်ဓာတ်တွေ ကျနေရတာပါဘဲ လို့ပြောချင်သူလည်း ရှိမယ်ထင်ပါတယ်…အဲ့ဒါ ဘာဖြစ်လို့လဲဆိုရင်တော့….

တခုခုဖြစ်ပြီဆိုလေ နဲနဲလေးမလွဲလိုက်နဲ့ မမှားလိုက်နဲ့ ပြသနာမဖြစ်လိုက်နဲ့ ကျွန်တော်တို့၊ကျွန်မတို့ သူဌေးက ဒါမှမဟုတ် အထက်လူကြီးက တအားဆူလို့ စိတ်တွေညစ်တယ်ဆိုတာမျိုးပေါ့…

ကြုံဖူးကြမယ်ထင်ပါတယ် အခုလူတွေထဲမှာတောင် စိတ်ထဲက ပြောချင်နေသလားမသိဘူး….

ဒါဆိုရင်တော့လည်း ကျွန်မက အကြုံပြုချက်လေးတွေ ပေးပါမယ်..
အလုပ်လုပ်တဲ့အခါ အမှားတော့ရှိမယ်…
အလုပ်များများလုပ်ရင် အမှားများများရှိနိုင်တယ်…
အလုပ်ကြီးကြီးလုပ်ရင် အမှားလည်းကြီးနိုင်ပါတယ်….
ဘာလို့ဆိုတော့ မှားတတ်တာက လူ့သဘာဝလေ…
မမှားသောရှေ့နေ မသေသော ဆေးသမားဆိုတဲ့ စကားပုံတောင်ရှိသေးတယ်မလား….
လူဆိုတာအမှားမကင်းနိုင်ပါဘူး…အမှားနဲအောင်တော့ လုပ်လို့ရနိုင်ပါတယ်။

ဒီအတွက် ကိုယ့်စိတ်မှာ ပြင်ဆင်ထားဖို့တစ်ချက်က မှားတတ်တာ လူ့သဘာ၀ အမှားနဲတာ လူ့အရည်အချင်းဘဲ…

အရည်အချင်းရှိတဲ့လူ အရည်အချင်းကောင်းတဲ့လူ ဖြစ်ချင်ရင် အမှားနဲအောင်ကြိုးစားလုပ်ရမပေါ့… ကိုယ်လုပ်သမျှ အလုပ်တိုင်းကို အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားပြီး အကောင်းဆုံးရလာဒ်ကောင်း ထွက်အောင် လုပ်နိုင်ရင် ဘယ်သူဆူပြောတာ ခံစရာလိုသလဲ… အပြောမခံချင်ရင် အပြောမခံရအောင် လုပ်ရမှာ ကိုယ့်တာဝန်မဟုတ်လား…ဒါကြောင့် အလုပ်တွေလုပ်ရင် အမှားနည်းအောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ရပါမယ်.…

လုပ်သမျှအလုပ်ကို အမှားနဲဖို့ဆိုတာ ဘာလိုအပ်သလဲ…အလုပ်နဲ့ သက်ဆိုင်တဲ့ Concepts လို့ခေါ်တဲ့ အတွေးအခေါ်အယူအဆကောင်းတွေ၊အသိပညာ အတတ်ပညာတွေ ရှိဖို့နဲ့ Skills လို့ခေါ်တဲ့ကျွမ်းမှုတွေ ရှိဖို့လိုအပ်တာပေါ့…အလုပ်နဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေများများရှိဖို့ လိုတာပေါ့…

အလုပ်တော့လုပ်ပါရဲ့ အဲ့အလုပ်နဲ့ဆိုင်တဲ့ အသိပညာ အတတ်ပညာနဲ့ ကျွမ်းကျင်မှုတွေမရှိရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ လုပ်သမျှက စိတ်ထင်ရာလျှောက်လုပ်ရင် ရလာဒ်ထွက်လာတော့ မင်း တလွဲတွေချည်းလုပ်ထားပါလားကွ ဆိုပြီး အထက်လူကြီးတွေရဲ့ပြစ်တင်ပြောဆိုတာကို ခံရမှာဘဲပေါ့…

လူတစ်ယောက်က လုပ်သမျှ အလွဲချည်းဖြစ်နေပြီ ဆိုရင်တော့လည်း အဲ့လိုလူက လူညံ့ လူဖျင်း စာရင်းထဲဝင်သွားပါလိမ့်မယ်….

လူတော်စာရင်းဝင်ဖို့ဆိုရင်တော့ ကိုယ်တာဝန်ယူလုပ်ရမယ့် အလုပ်ကို ပိုင်နိုင်ကျွမ်းကျင်စွာ လုပ်ကိုင်နိုင် ဖို့အတွက် အလုပ်နဲ့ သက်ဆိုင်တဲ့ Concepts, Knowledge တွေရှိဖို့အတွက်က စနစ်တကျ လေ့လာသင်ယူမှုတွေ ပြုလုပ်နေရမှာဖြစ်ပြီး ကျွမ်းကျင်မှုတွေရှိဖို့လည်း စဉ်ဆက်မပြတ်ကြိုးပမ်း အားထုတ် နေရမှာ ဖြစ်ပါတယ်…

ဒါဆိုရင်တော့ အလုပ်ထဲမှာ ခဏခဏ အဆူအပြောခံရတယ်ဆိုတာ မရှိဘဲ အရည်အချင်းကောင်းတဲ့ လူတစ်ယောက်အဖြစ် အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ…

နောက်တစ်ခုကတော့ အလုပ်ထဲမှာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ဆိုတာ လူတိုင်းမှာ (EQ) Emotional Intelligence လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကောင်းမွန်ဖို့လည်း အထူးလိုအပ်ပါတယ်…


ဒီနေရာမှာ EQ ဆိုတာ ဘာလဲဆိုတာကို အရင်ရှင်းပြချင်ပါတယ်…

EQ = ability to understand their own feelings and the feelings of others

EQ is a measure of their interpersonal and communication skills

EQ ဆိုတာက ကိုယ့်ရဲ့ ကိုယ်ပိုင်ခံစားချက်တွေနဲ့ တစ်ခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်နိုင်စွမ်းလို့ အကြမ်းမျဉ်း သိထားရပါမယ်….

နောက်တစ်နည်းပြောရရင်တော့ EQဆိုတာ လူတွေရဲ့တခြားသူများနဲ့ အပြန်အလှန်ဆက်ဆံရေးနှင့် ဆက်သွယ် ဆက်ဆံရေး အရည်အသွေးတွေကို တိုင်းတာမှုတစ်ခုလို့လည်း ပြောလို့ရပါတယ်…

EQ ဆိုတာကို လေ့လာကြည့်ရင် အပိုင်း(၂ပိုင်း) ခွဲကြည့်လို့ရပါတယ် Personal Skills: ကိုယ့်ကိုယ်ကိုယ် Manage ပြန်လုပ်ရမယ့် အပိုင်းနဲ့ Social Skills: အခြားသူများနှင့် ဆက်သွယ်ဆောင်ရွက်ရမယ့် လူမှုဆက်ဆံရေးအပိုင်း ဆိုပြီးရှိပါမယ်…

လူတိုင်းအတွက် အလုပ်နဲ့ ဘဝမှာ အောင်မြင်ပျော်ရွှင်ဖို့ဆိုရင် လူတွေမှာ Multiple Intelligence ရှိဖို့လိုအပ်ပါတယ် စိတ်ပညာထက်မြက်မှုဖြစ်တဲ့ Intelligence Quotient (IQ) တစ်ခုထဲနဲ့ မလုံလောက်ဘဲ emotional intelligence (EQ) ဆိုတာ (IQ) ထက်ပင် ပိုအရေးကြီးပါတယ်…

EQ ရှိတဲ့သူနဲ့ မရှိတဲ့သူက အရမ်းကွာတယ်..

ဘာလို့ဆိုတော့ IQ ပိုင်းက လူတစ်ယောက်အောင်မြင်ဖို့ကို ၂၀% ပဲအထောက်အကူပြုပြီး EQ က ၈၀% ထိအထောက်အကူပြုပေးနိုင်လို့ပါ.…

IQ ပိုင်းမှာက Age, Education, Working Exp, Training & Certification Achievements တွေပါမယ်…

EQ ပိုင်းမှာတော့ အချက် (၆ချက်) ပါဝင်တယ်…

  • Perception
  • Attitude < Positive or Negative >
  • Motivation
  • Personality
  • Character
  • Ethic

ယနေ့ခေတ်မှာ ကမ္ဘာကြီးက တနေ့တခြားပြောင်းလဲတိုးတက်လာတာနဲ့အမျှ နည်းပညာတွေ အသိပညာ အတတ်ပညာတွေ ကလည်းတဟုန်ထိုး ပြောင်းလဲတိုးတက်နေတာကို လူတိုင်းသိမြင်နေကြတာပါဘဲ…

မြန်မာပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံမှာတောင် လူတိုင်း Touch Screen Phone တွေကိုင်တတ်နေပြီး လူတိုင်း Internet သုံးစွဲတတ်နေပြီမဟုတ်လား…လူတွေက Social Media လို့ခေါ်တဲ့ internet ပေါ်မှာ FB, WeChat, Instagram, Tik Tok စတဲ့ ပေါ်သမျှနည်းပညာနဲ့ အကောင့်ပေါင်းစုံဖွင့်ပြီး သုံးစွဲတတ်နေကြတာကို မြင်တွေ့နေရတယ်…

ခေတ်နဲ့တပြေးညီ မျက်စိပွင့် နားပွင့်တွေဖြစ်လာကြတယ်…မြန်မာပြည်မှာ ဒီနေ့ဘာဖြစ်သလဲဆို အချိန်နဲ့တပြေးညီ သိမြင်နိုင်သလို ကမ္ဘာကြီးမှာ ဒီနေ့ ဘာတွေဖြစ်ပေါ်နေသလဲဆိုတာလည်း အချိန်နဲ့တပြေးညီ သိမြင်နိုင်ပါတယ်…

ဒီလို ခေတ်နဲ့တပြေးညီ နည်းပညာတွေတိုးတက်မှုနောက်ကို အမှီလိုက်တတ်ကြတာ ကောင်းသလား ကောင်းပါတယ်…

ရုပ်ဝတ္တုတွေတိုးတက်လာတဲ့နောက်ကို အမှီလိုက်ကြတာ ကောင်းသလား ကောင်းပါတယ်ဘဲပြောရမှာပါ… သူများနိုင်ငံတွေထက် အများကြီးခေတ်နောက်ကျကျန်နေခဲ့တဲ့ကိုယ်တွေမြန်မာပြည်က အခုချိန်မှာ ခေတ်မှီပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ဖို့ မနည်းကြိုးစားနေကြရတာဆိုတော့ ခေတ်ကို အမှီလိုက်တာ လိုက်သင့်ပါတယ်…

ရှေးနှစ်ပေါင်းများစွာထက်စာရင်တော့ လက်ရှိအခြေအနေဟာ Living Standard လို့ခေါ်တဲ့ လူနေမှု အဆင့်အတန်း လေး အနည်းငယ်မြင့်လာတယ်ပြောရမှာပေါ့လေ…ကိုယ့်နိုင်ငံအခြေအနေနဲ့ပြောတာပါသူများနိုင်ငံတွေရဲ့ Living Standard ကိုမှီဖို့ဆိုတာကတော့အဝေးကြီးလိုပါသေးတယ်…အများကြီးကြိုးစားကြရအုံးမှာပါ…

ဒါပေမယ့် ခေတ်နဲ့ညီတဲ့ နည်းပညာတွေ ရုပ်ဝတ္တုပစ္စည်းတွေနောက်ကိုသာ မြန်မာပြည်က လူတွေက အာသာ ငမ်းငမ်းနဲ့လိုက်နေကြတာ လူတွေရဲ့အတွေးအခေါ်တွေ စိတ်နေစိတ်ထားတွေ လုပ်ကိုင်ဆောင်ရွက်ပုံတွေက ကျတော့မြင့်တက်မလာဘဲ တဖြေးဖြေးဆုတ်ယုတ်လာကို သတိထားမိတဲ့သူတိုင်း သိမြင်နိုင်မယ်ထင်ပါတယ်…

မြန်မာတွေမှာ တကယ်တွေးကြည့်ရင် နည်းပညာတွေတိုးတက်လို့ ခေတ်မှီပစ္စည်းတွေ သုံးစွဲနိုင်လာတယ် သုံးစွဲတတ်လာတယ်ဆိုတာတော့ ဟုတ်တယ် အဲ့ဒီ နည်းပညာတွေ ပစ္စည်းတွေကိုကျတော့ ကိုယ်တွေက စတင်တီထွင်နိုင်တာ ဘယ်လောက်များများရှိသလဲ၊ အရည်အသွေးမြင့် နည်းပညာနဲ့ အရည်အသွေးမြင့် ပစ္စည်းတွေဘယ်လောက်များများထုတ်လုပ်နိုင်သလဲတွေးကြည့်ရင် မြန်မာပြည်က လူတွေ နားထိုးတံကအစ Made in Myanmar ဆိုသုံးချင်စိတ်မရှိဘဲ Made in Thailand လေးမှ Made in Japan လေးမှ မဟုတ်ရင်လည်း Made in China လောက်လည်း ယုံယုံကြည်ကြည်သုံးဖြစ်ပါသေးတယ်…

မယုံရင် လမ်းဘေးမှာရောင်းတဲ့ နားထိုးတံလေးတွေကြည့်လေ ပုံမကျပန်းမကျ လက်ထဲကိုင်လိုက်ရင်ကို ပျော့စိပြီး နားထဲမထိုးရသေးဘူး ကျိုးကျိုးသွားလို့ တော်ပါတော့ကွာဆိုပြီး Made in Japan ကို Miniso ဆိုင်က တစ်ဘူးကို ထောင်နဲ့ချီပေးရလည်း ပေးဝယ်ထားတယ် စာရေးသူက အစပေါ့… ဆိုလိုတာကလေ မြန်မာပြည် တိုးတက်တယ် မြန်မာတွေ တိုးတက်လာတယ်သာပြောတာလေ ကိုယ့်လူမျိုးတွေ ကိုယ်တိုင်ကိုယ်ကျ တီထွင်ဖန်တီးထုတ်လုပ်နိုင်တာတွေ ဘာတွေရှိသလဲလို့တွေးကြည့်စေချင်လို့ပြောတာပါ…အကုန် သူများတီထွင်ထားတဲ့ နည်းပညာနဲ့ ပစ္စည်းတွေနောက် ကောက်ကောက်ပါအောင် လိုက်နေကြရတာမလား…

သူများတီထွင်ထားတဲ့ နည်းပညာတွေကို သုံးပြီး ဘာတွေလုပ်ကြလဲဆိုတော့ မကောင်းတဲ့ စိတ်တွေနဲ့ မကောင်းတာတွေ လုပ်ဖို့ဘဲ အားသန်နေကြတာက ခက်တယ်…မြန်မာတွေဟာ ကြာလေကြာလေ mind-set တွေတအားညံ့လာတယ်..

မကောင်းတာလုပ် မကောင်းတာပြော မကောင်းတာတွေဘဲ ကြံစည်နေကြတာမြင်နေရတယ်… နိုင်ငံရေး စီးပွားရေး လူမှုရေးတွေမှာ ဘယ်နေရာမှာဘဲဖြစ်ဖြစ် ခုချိန်မှာ ကောင်းတဲ့အသံကို မကြားရဘူး…

နိုင်ငံက ဆင်းရဲရတဲ့အထဲ လူတွေက စိတ်ဓာတ်အတွေးအခေါ်တွေက ဆုတ်ပျက်နေကြလို့ နိုင်ငံတကာမှာ မြန်မာလူမျိုးဆိုတာနဲ့ မျက်နှာကအလိုလိုငယ်နေရတဲ့ အနေအထားဖြစ်နေပြီ…

ဒီနေ့အချိန်မှာ တွေ့နေရတာက မြန်မာပြည်က လူအများစုမှာ ကိုယ်ချင်းစာစိတ်တွေ မရှိကြတော့ဘူး…ဘယ်အကြောင်း ကိစ္စအတွက်မဆိုပေါ့ လူတဖက်သားကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒတွေနဲ့ Social Media တွေပေါ်မှာဖြစ်ဖြစ် ၊ လက်တွေ့ပြင်ပမှာဘဲဖြစ်ဖြစ်၊ အလုပ်ထဲတွေမှာဘဲ ဖြစ်ဖြစ်ပေါ့ တရားလွန် ပြောဆိုတိုက်ခိုက်တာတွေ ဆဲဆိုဝေဖန်နေတာတွေ တအားကိုလုပ်နေကြမြင်တွေ့နေရတယ်…

ဒါကို ဘယ်လိုပြောရမလဲဆိုရင် ခေတ်မှီတိုးတက်မှုတွေနဲ့အတူ နည်းပညာတိုးတက်မှုတွေနဲ့အတူ လူတွေမှာ IQ တွေတော့ မြင့်လာတယ်၊ EQ ကတော့ တဖြေးဖြေးနိမ့်ပါးလာကြတဲ့ သဘောရှိတယ်….ခေတ်မှီနည်းပညာတွေကို အသုံးပြုတတ်တယ် (IQ) တွေကောင်းလာတယ် ဒါပေမယ့် လူတစ်ဦးချင်းစီရဲ့ mind- set တွေ attitude တွေ perception တွေကတော့ တိုးတက်မလာဘဲ တနေ့တခြား ပျက်ဆီးယုတ်ယွင်းလာကြတာကို တွေ့နေရတယ်…

လုပ်ငန်းခွင်တွေထဲမှာလည်း ထိုနည်းလည်းကောင်းဘဲ ခေတ်ပေါ်ပညာတွေ နည်းပညာတွေတတ်ကျွမ်းသူတွေ ပေါများလာပေမယ့် စိတ်ဓာတ်တကယ်ကောင်းတဲ့ နှလုံးရည်ပြည့်ဝတဲ့ ဝန်ထမ်းကောင်းတွေရှားပါးလာပြီး အတူတကွ အလုပ်လုပ်သူ ဝန်ထမ်းအချင်းချင်း မတည့်တာ ပြိုင်ဆိုင်တိုက်ခိုက်နေတာ ချိုးနှိမ်တာ နှိပ်ကွက်ပညာ ပြတာ တွေနဲ့ ပြသနာပေါင်းစုံနေတဲ့ လုပ်ငန်းခွင်တွေကများနေတာကို တွေ့နေရတယ်…

မေးလိုက်ရင် အလုပ်မှာအဆင်ပြေသလား မေး မပြေပါဘူးဖြေမယ် ဘာလို့လည်းမေးရင် အချင်းချင်းမတည့်လို့ ပညာပြခံရလို့ လူသစ်လူဟောင်းခွဲခြားဆက်ဆံလို့ ဆိုတာတွေဘဲ ကြားရမြင်ရတဲ့ခေတ်ဖြစ်နေပါတယ်…

တကယ်တော့ လူတိုင်းဟာ ကိုယ့်တကိုယ်စာတွက်ဖြစ်စေ မိသားစု ဆွေမျိုး ပတ်သက်ဆက်နွယ်သူတွေ အားလုံးတွက်ဖြစ်စေ စားဝတ်နေရေးဆိုတာတွေအတွက် ပုံစံမျိုးစုံနဲ့ နေ့စဉ်ရုန်းကန်ကြိုးပမ်းနေရသူချည်းပါဘဲ…

ဆင်းရဲ ချမ်းသာ ပညာတတ် ပညာမတတ် ရာထူးကြီးငယ် မရွေး အသက်ရွယ်မရွေးပေါ့ ခုခေတ်မှာ အသက် ၆၀ကျော်လည်း မနားနိုင်သေးသူတွေအများကြီးပါ လူ့ဘဝအတွက် အကြောင်းတစ်ခုခုကြောင့် ရုန်းကန်လှုပ်ရှားနေရ တုန်းပါဘဲ… ဒီလိုလူတွေ အချင်းချင်းက ဘာလို့ ကိုယ်ချင်းစာစိတ်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီပြီး အဆင်ပြေအောင်မနေနိုင်ကြတာလဲပေါ့…စိတ်ဓာတ်မကောင်းဘူးဆိုတဲ့ ဂုဏ်ပုဒ်ကို ဂုဏ်ယူနေကြသလားလို့တောင် မေးရမလိုပါဘဲ…

လူတိုင်းက အသက်ရှင်နေထိုင်မှုဘဝနဲ့ အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်းတွေလုပ်နိုင်ဖို့အတွက် အသိပညာ အတတ်ပညာ (IQ) တွေရှိဖို့ကို နည်းမျိုးစုံနဲ့ သင်ယူလေ့လာကြရတာ မွေးဖွားချိန်မှသည် သေသည့် တိုင်အောင်ပါဘဲ…အသိပညာ အတတ်ပညာ မြင့်မားလေလေ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းတွေက ပိုမြင့်မားလေလေ ဘဝရပ်တည်မှုအခြေအနေကလည်း မြင့်မားလေလေ လို့ခံယူထားကြတယ်…ဒါကြောင့်လူတိုင်းက ဘဝမှာတိုးတက်အောင်မြင်မှုရရှိအောင် IQ ပိုင်းတွေကို ကြိုးစားဖြည့်ဖြစ်ကြတယ်..

ဒါပေမယ့် EQ ပိုင်းတွေဖြည့်ဖို့ကိုတော့ လုံး၀ မေ့လျော့ နေတတ်ကြပါတယ်… တကယ်တော့ ဘဝမှာ ရေရှည်အောင်မြင်တိုးတက်ချင်တယ်ဆိုရင် စိတ်ချမ်းသာပျော်ရွှင်ဖို့ အတွက်ဆိုရင် IQ ကောင်းရုံနဲ့မရဘဲ EQ ကောင်းဖို့က ပိုအရေးကြီးတာကို သတိပြုစေလိုပါတယ်… ဘာကြောင့်လဲဆိုတော့ EQ ဆိုတာက IQ ကောင်းတဲ့ လူတွေကို သူတို့ဘဝကို ပိုမိုအောင်မြင်စေဖို့ ကူညီထောက်ပံ့ပေးမယ့် Life Skills တွေဖြစ်ပြီး IQ မကောင်းတဲ့လူကိုတောင် အောင်မြင်မှုဆီရောက်နိုင်ဖို့ EQ က အထောက်အကူပြုနိုင်တဲ့ သဘောရှိနေလု့ိပါ…

ဥပမာပြောရရင် မြန်မာပြည်မှာ သာဓကတစ်ခုပြလို့ရတယ် အခုလူတိုင်းသိနေတဲ့ မန္တလေးက ကျောက်စိမ်းဘုရားကို တည်ထားတဲ့ ဘုရားဒကာဆိုရင် သူများဆီမှာလုပ်ရတဲ့ ကျောက်တူးသမားဘဝကနေ အလုပ်အပေါ် ရိုးသားကြိုးစား စေတနာထားလုပ်ခဲ့လို့ တချိန်မှာ ကျောက်စိမ်းတွင်းပိုင်ရှင်နေရာကို ရောက်လာခဲ့တာမလား...ဒါကိုကြည့်ရင် ကျောက်တူးသမားတစ်ယောက်မှာ ကျောင်းပညာရေး အတန်းပညာရေး ခေတ်မှီပညာရပ်တွေအများကြီးတတ်မြောက် ထားခြင်းမရှိသူဘဲ ဒါပေမယ့် သူရောက်တဲ့နေရာမှာ သူလုပ်ရမယ့် အလုပ်အပေါ်မှာ သူထားတဲ့ စိတ်သဘောထားတွေ အလုပ်အပေါ် အာရုံစူးစိုက်မှုနဲ့အတူ အလုပ်ကိုလေးစားမှု ၊ရိုးသားမှု ကြိုးစားမှုတွေ အလုပ်ကို မခိုမကပ်ဘဲလုပ်ဖြစ်ခဲ့လို့သာ နောင်တချိန်မှာ ကျောက်တွင်းသူဌေးဘဝကို သူရရှိပိုင်ဆိုင်နိုင်ခဲ့တာပေါ့….

ဒါဟာ IQ ထက် EQ တွေပိုကောင်းလို့သာ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ရတာဖြစ်ပါတယ်… လူတွေက ထင်ကြတယ် ပညာတွေ သိပ်တတ်ရင် အောင်မြင်တယ်၊ ပိုက်ဆံသိပ်ချမ်းသာရင် အောင်မြင်တယ်… အကြောင်းတစ်ခုခုနဲ့ နာမည်ကြီးနေရင် အောင်မြင်တယ်ပေါ့…တကယ်တော့ အောင်မြင်မှုဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဖြစ်တည်မှုခြင်း မတူကြတဲ့အတွက် အောင်မြင်မှုကို သတ်မှတ်ပုံခြင်းလည်း မတူညီနိုင်ပါဘူး….

သို့သော် အဓိကလူတွေ သိထားဖို့အချက်က ပညာတတ်တိုင်း မအောင်မြင်ပါဘူး…ပိုက်ဆံချမ်းသာတိုင်းလည်း မအောင်မြင်ပါဘူး…FB မှာ ဆယ်လီဖြစ်တိုင်းလည်း အောင်မြင်တယ်လို့ ယူဆလို့ မရပါဘူး…

လူတိုင်းဟာ EQ နဲ့ယှဉ်တွေးလို့ ရတဲ့ အချက်တွေနဲ့ ကိုက်ညီပြည့်စုံမှ တကယ်အောင်မြင်ပါလိမ့်မယ်…. ရေရှည်အောင်မြင်ပါလိမ့်မယ်….လူတွေက နာမည်တစ်ခု ဒိုင်းခနဲတက်လာရင် အောင်မြင်တယ်လို့ ထင်တတ်ကြပါတယ် တကယ်တော့ အဲ့တာ အောင်မြင်တာမဟုတ်ပါဘူး Popular ဖြစ်တယ်လို့ ခေါ်တဲ့ ရေပန်းစားတာဘဲ ဖြစ်ပါတယ်….

ရေပန်းစားတယ်ဆိုတာ ခေတ္တခဏ ဆူပွက်သွားတဲ့ ပုံစံပါဘဲ….မမြဲခြင်းတရားပါဘဲ.. ရေရှည်အောင်မြင်မှုမျိုးတော့ မဖြစ်နိုင်ပါဘူး…

ဥပမာ ခေတ်မှီအဝတ်အစား သို့မဟုတ် အသုံးအဆောင်တစ်ခုကို လူတွေအာရုံကျပြီး လိုက်ဝတ်တယ် လိုက်သုံးတယ် လက်ရှိမှာ popular ဖြစ်နေလို့ဆိုပြီး ဂုဏ်ယူပြောကြတယ်မလား သိပ်မကြာဘူး အဲ့အရာက end date ဖြစ်ပြီး နောက်ပစ္စည်းအသစ်တစ်ခုက new model အဖြစ် ပေါ်လာပြန်ရော အရင်က သိပ်ခေတ်စားတဲ့ ပစ္စည်းကို ဘယ်သူက လှည့်ကြည့်သေးလဲ စိတ်ကို မဝင်စားတော့ တာပါ…

ဒါကြောင့် လူတွေမှာ အောင်မြင်မှုဆိုတာနဲ့ ရေပန်းစားတယ် ဆိုတာကို သေချာခွဲခြားသိမြင်ထားဖို့ လိုအပ်သလို ကိုယ့်ဘဝကို အောင်မြင်တိုးတက်လိုသူတိုင်းဟာ ရေတိုအောင်မြင်မှုရဖို့ထက် ရေရှည်အောင်မြင်မှုရရှိဖို့ တကယ့်အောင်မြင်မှုအစစ်အမှန်ကို ရရှိဖို့ကို ဦးတည်ကြိုးပမ်းရမှာဖြစ်ပါတယ်။ဘယ်အလုပ်ကို လုပ်လုပ်ပါ ငွေရဖို့တစ်ခုထဲအတွက် ပိုက်ဆံချမ်းသာဖို့ တစ်ခုထဲအတွက် ရာထူးရဖို့ တစ်ခုထဲအတွက် အာဏာပါဝါ ရဖို့ တစ်ခုထဲအတွက် အာရုံထားမလုပ်သင့်ဘဲ ရေရှည်အောင်မြင်ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ဖို့ IQ ကော EQ ကော ပေါင်းစပ်ပြီး လုပ်ဆောင်ကြိုးပမ်းရမှာဖြစ်ပါတယ်….လူတွေမှာ အောင်မြင်ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် IQ က Hard Skills အဖြစ်နဲ့ ကူညီပြီး EQ က Soft Skills အဖြစ်နဲ့ကူညီပေးမှာဖြစ်တာကို သင်နားလည်ထားဖို့လိုပါမယ်။

အခုခေတ်ကာလမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်တဲ့ သူတွေမှာလည်း မိမိတို့လုပ်ငန်းတွေ အောင်မြင်တိုးတက်ဖို့ ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာဟာ risk တွေအရမ်းကြီးနေတဲ့အချိန်ခါဖြစ်ပါတယ်……

ဘာလို့လည်းဆိုရင် အပြိုင်အဆိုင်တွေ အရမ်းများနေလို့ပါ….လုပ်ငန်းတူချင်းကော လုပ်ငန်းမတူတာနဲ့ကော ကမ္ဘာအရပ်ရပ်နဲ့ကော အပြိုင်အဆိုင်တွေလုပ်နေရတဲ့အချိန်ပါ….ဒီအချိန်မျိုးမှာ လုပ်ငန်းတွေဘက်ကလည်း လုပ်ငန်းနဲ့ လည်ပတ်နိုင်တဲ့ အတတ်ပညာ အသိပညာ နည်းပညာ လုပ်ငန်းကျွမ်းကျင်မှုဆိုတဲ့ IQ ပိုင်းတွေအပြင် EQ ပိုင်းတွေဖြစ်တဲ့ Communication Skills, Interpersonal Skills, Negotiation Skills ကောင်းကောင်းတွေနဲ့ စီးပွားရေးကို အပြိုင်အဆိုင်လုပ်ဆောင်နေရတဲ့ ခေတ်ဖြစ်နေပါတယ်။ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေကို ဈေးကွက်ထဲ ရောက်ရုံ ရောင်းရရုံနဲ့ လုပ်ကိုင်လို့မရတော့ဘဲ နောက်ကနေ Service ကောင်းကောင်းပေးတယ်ဆိုတာကပါ ကပ်လာ လာသေးတာမလား...

ပစ္စည်းအရည်သွေး ဘယ်လောက်ကောင်းကောင်း Service လေးတချက်ညံ့တာနဲ့ မရှိသုံးသုံးနေရတယ်ဆိုတဲ့ နာမည်နဲ့ ရေရှည်အောင်မြင်တဲ့စီးပွားရေးဖြစ်မလာနိုင်ပါဘူး…အဲ့ဒီတော့ နည်းပညာတွေ အတတ်ပညာတွေ ဘယ်လိုတွေပဲ ထွန်းကားကျယ်ပြန့်နေပါစေ ဒါတွေအားလုံးကို လူတွေကပဲ လုပ်ဆောင်ကြရတာမို့ ယနေ့ ခေတ်ကာလမှာ လုပ်ငန်းခွင်ထဲက လူတိုင်းဟာလည်း အလုပ်ရဲ့ Pressure တွေကတအားများလာပါတယ်…

ဒီအခါမှာ အလုပ်ထဲမှာ အတူတူ လုပ်နေသူအချင်းချင်း သူ့ကြည့်တော့လည်း သူ့တာဝန်နဲ့သူ ကိုယ့်ကြည့်တော့လည်း ကိုယ့်တာဝန်နဲ့ကိုယ် တနေ့တနေ့ မနိုင်မနင်းတွေလုပ်နေကြရတာဘဲမလား….

အဲ့ဒီလို တနေ့တနေ့ ကိုယ်ရော သူများတွေရော ရှုပ်ခတ်အောင်မနားတမ်းလုပ်နေရတဲ့ အလုပ်တွေက ဘယ်သူ့အတွက် လုပ်နေကြတာလည်းဆိုတာကော တွေးမိကြရဲ့လား.....

Company အတွက်ပါဘဲ Company ကိုပိုင်ဆိုင်တဲ့ သူဌေးတွေအတွက်ပါဘဲ…မဟုတ်ပါဘူး ကျွန်တော်လစာရဖို့ အတွက်ပါလို့ မငြင်းပါနဲ့ သင်ဒီကုမဏီအလုပ်ကို လုပ်ပေးနေလို့သာ သင်လစာရနေတာပါ သင်အလုပ်လာမလုပ်တဲ့နေ့ သင်လစာ မရနိုင်ပါဘူး သင်ဒီကုမဏီကို ခွင့်မတိုင်ဘဲ ၃ရက်ပျက်ရင် အလုပ်ပါတခါထဲ ပြုတ်သွား နိုင်တယ်မလား….ဒါကုမဏီတိုင်းရဲ့ထုံးစံဘဲလေ…

ဒါဆို ဒီကုမဏီမှာ သင်အလုပ်လုပ်နေတာတော့မှန်တယ် ဒီကုမဏီဟာ သင့်အတွက်လား သင့်အပိုင်လားစဉ်းစားကြည့်ပါ…

တကယ်တော့ ဒီကုမဏီလုပ်ငန်းကို တကယ်ပိုင်တဲ့ ပိုင်ရှင်တွေ ရှယ်ယာရှင်တွေကလွဲပြီး ကျန်လူအားလုံးဟာ ဘယ်လိုရာထူးကြီးတွေနဲ့ အလုပ်လုပ်နေပါစေ ဒီကုမဏီကို မပိုင်တဲ့ ဝန်ထမ်းတွေသာဖြစ်ပါတယ်…

ဝန်ထမ်းဆိုတာ တာဝန်တစ်ခုကို ထမ်းရွက်ထားလို့ လုပ်ခလစာ ရနေတဲ့ လူတွေကို ခေါ်တွင်တာပါ…

ရာထူးအကြီးအသေး အနိမ့်အမြင့်ဆိုတာဘဲ ကွာပါမယ် အားလုံးဟာ ဝန်ထမ်းတွေပါဘဲ…

ရာထူးဆိုတာကတော့ လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းရည်နဲ့ ယူနိုင်တဲ့ တာဝန်အကြီးအသေး အနည်းအများအပေါ်မှာ မူတည်ပြီး သတ်မှတ်ပေးထားတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်… ဒီတော့ ရာထူးဘယ်လောက်ကြီးပါစေ ဘယ်လောက် သေးပါစေ အားလုံးဟာ ဒီလုပ်ငန်းရဲ့ဝန်ထမ်းတွေပါဘဲ….

ဒီလုပ်ငန်းရဲ့ဝန်ထမ်းတွေမို့ ဒီလုပ်ငန်းရဲ လုပ်ဆောင်ဖွယ်ရာ တွေကို အတူတကွလုပ်ဆောင်ရင်း ဒီလုပ်ငန်းတိုးတက်ကြီးပွားဖို့ အတူပူးပေါင်းလုပ်ဆောင် ပေးနေကြရတာပဲရှိမယ်…

ရလာမည့် အကျိုးအမြတ်အကုန်လုံးကိုတော့ ကိုယ်ပိုင်ကိုယ်ဆိုင်မဟုတ်လို့ ကိုယ်တစ်ယောက်ထဲ အကုန်ရမှာ မဟုတ်ဘဲ လစာနဲ့ ဆုကြေးဆိုတာလောက်သာ ကိုယ့်အတွက်ရပိုင်ခွင့်ရှိတာပါ…..

ဒီတော့ ဘဝတူ ဝန်ထမ်းအချင်းချင်းတွေဟာ အလုပ်ထဲမှာ ဘယ်လို စိတ်ထားတွေနဲ့ပေါင်းသင်းဆက်ဆံသင့်သလဲ ဘယ်လို စိတ်ထားတွေနဲ့ ပြုမူနေထိုင်သင့်သလဲဆိုတာတွေးရပါမယ်… ကျွန်မကတော့ ဒီလိုလေး အကြံပြုချင်ပါတယ်….

ကိုယ်မပိုင် သူမပိုင်သော ကုမ္ပဏီတစ်ခုအတွက် နေ့စဉ်နဲ့အမျှ အတူကြိုးပမ်း လုပ်ဆောင်နေရသူ ဝန်ထမ်းများအချင်းချင်း စာနာငဲ့ညှာပါ ဖေးမကူညီပါ ချစ်ခင်လေးစားပါ ဒါဟာသင့်အတွက် နေ့စဉ်လုပ်ငန်းခွင်မှာ အောင်မြင်ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်းများပါဘဲ…

လုပ်ငန်းခွင်တွေထဲမှာ ဘဝတူ ဝန်ထမ်းအချင်းချင်းတွေကို စာနာငဲ့ညှာပါ ကိုယ်ချင်းစာစိတ်လေးနဲ့ ဆက်ဆံပါ။ ဖေးမကူညီပါ..ဘာလို့ဆိုတော့ အလုပ်ထဲမှာ ရောက်နေသူတွေဟာ အတွေ့အကြုံရှိပြီး စီနီယာကျသူတွေလည်းရှိသလို အတွေ့အကြုံမရှိသေးလို့ လုပ်ငန်းအကြောင်း အပါးမဝသေးလို့ လုပ်နည်းလုပ်ဟန်တွေကို မသိသေးလို့ မျက်နှာငယ်ခံ အောက်လျှိုပြီး ဟိုလူသင်ပေးနိုးနိုး ဒီလူသင်ပေးနိုးနိုးနဲ့ မျှော်လင့်အားကိုးနေတတ်တဲ့ ဂျူနီယာလေးတွေလည်းရှိပါတယ်.

ဒီတော့ စီနီယာဆိုသူတွေဟာ ပြန်တွေးကြည့်ရင် တချိန်က ငါလည်း အတွေ့အကြုံမရှိတဲ့ဘ၀ လူသစ်ဘဝက စခဲ့တာဘဲ ဆိုတဲ့အတွေးလေးကပ်လိုက်ရင် ဂျူနီယာတွေကို တွဲခေါ်သင်ပြပေးချင်စိတ်လေးဝင်လာမယ်လို့ထင်တယ် ဒါဆိုရင် အသင်ခံရသူရှိရင် သင်ပေးသူဆိုတာကလည်း အလိုလိုဆရာကျသွားတာပဲလေ…ကိုယ့်အတွက်ဘာမကောင်းလို့လဲ သင်ပေးလိုက်ရင် ငါ့ပညာတွေရသွားမယ် သူငါ့နေရာကို ဝင်ယူသွားမှာပေါ့လို့တွေးတာလား ဒါဆိုရင်တော့ သူများကို နေရာရမှာဆိုးတဲ့စိတ်က သင်ကိုယ်တိုင် နေရာတွေပျောက်သွားစေပါလိမ့်မယ်…

ဘာလို့ဆိုတော့ လူတိုင်းဟာ သူသိသူတတ်ပေမယ့် သူများကို သင်ပေးနိုင်တဲ့ အရည်အချင်းမရှိတတ်ကြပါဘူး သူများကို သင်ပေးနိုင်သူက သူ့မှာ Mentoring ဆိုတဲ့ အရည်အချင်းတစ်ခုရှိလို့ပါ…

Mentoring အရည်အချင်းရှိသူတွေက သူများကို သင်ပေးချင်းဆိုတဲ့ Coaching လုပ်ပေးနိုင်သူတွေဖြစ်လို့ သူများရဲ့နည်းပြအဖြစ် အလိုလို ဆရာအထာကျသွားတဲ့သူတွေပါဘဲ… သူများကိုတောင် နည်းလမ်းပြပေးနိုင်သူ သင်ပေးနိုင်သူဆိုတာ သူများရှေ့ဆောင်အဖြစ် ရှေ့ကနေဖြစ်ပါတယ် Follower လို့ခေါ်တဲ့ နောက်လိုက်အဆင့်ပဲ အမြဲရှိသူတစ်ယောက် မဟုတ်တော့ပါဘူး…ဒါဆိုရင် သူများကို မသင်ပေးချင်ဘူးဆိုတဲ့သင်ဟာ သူများက ဆရာတင်ချင်နေတာတောင် ဆရာနေရာကို ကိုယ့်ဘာသာ ပယ်ချလိုက်တာနဲ့ တူတူပါဘဲ…..

ဒါဆိုရင် ဘာဖြစ်လဲ အသင်ခံချင်တဲ့သူကလည်း သင့်ကို ဆရာလို့မသတ်မှတ်တော့သလို သူ့ကို မသင်ပေးတွဲမခေါ်ပေး လို့ သင့်ကို လေးစားယုံကြည်မှုဆိုတာ မရှိတော့ဘူးလေ….ဒါကြောင့် သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ စိတ်လေးနဲ့ ဘယ်အဆင့် ဘယ်လယ်ဘယ်ဘဲ ရောက်နေနေ လိုအပ်ရင် ကိုယ်သင်ပြပေးသင့် တွဲခေါ်သင့်တဲ့လူတွေကို ကူညီဖေးမပြီး သင်ပြပေးကြပါလို့ တိုက်တွန်းချင်ပါတယ်…

ဒါဆိုရင် ရာထူးရှိလို့ စီနီယာကျလို့သာ ဆရာလို့ မခေါ်ချင့် ခေါ်ချင် ခေါ်နေရမယ့်အစား လေးလေးစားစားနဲ့ ရင်ထဲက ဆရာလို့ ခေါ်တာကိုခံရပါလိမ့်မယ် ဒါဆိုရင် လစာရတယ် ရာထူးရှိတယ် ဆိုတာထက်ပိုတဲ့ အလုပ်ထဲမှာ ဆရာတစ်ဆူအဖြစ် အောင်မြင်မှုပါထပ်ရလို့ သင်ပျော်ရပါလိမ့်မယ်…

နောက်တစ်ခုက အလုပ်ထဲမှာ ပျော်ရွှင်ချင်ရင် ကိုယ်ကြုံတွေ့ဆက်ဆံရသူအားလုံးကို ကြီးငယ်မရွေး လေးလေးစားစား ဆက်ဆံတတ်တဲ့ အကျင့်ကိုမွေးမြူပါ…ခံယူချက်တစ်ခုထားပါ သူများကို လေးစားတတ်မှ ကိုယ်ပြန်လေးစားခံရမယ် ကိုယ့်ကိုလည်း အချေမငံဆက်ဆံတာ မကြိုက်သလို သူများကိုလည်း လေးစားစွာဆက်ဆံချင်တဲ့စိတ်အမြဲထားပါ…

လုပ်ငန်းရှင်ကို မချေမငံပြောမိလို့ အလုပ်ထုတ်ခံရသူတွေရှိသလို မန်နေဂျာနဲ့ ရန်ဖြစ်လို့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း မတဲ့လို့ အလုပ်ထုတ်ခံရတဲ့သူတွေ အလုပ်ထွက်ရတဲ့သူတွေလည်း ဒုနဲ့ဒေးရှိနေတာကို အားလုံးသိကြမှာပါ…

တစ်ယောက်နဲ့တစ်ယောက် အလုပ်သဘောအရ ပြောဆိုဆက်ဆံကြတဲ့အခါမှာ ရာထူးကြီးငယ်မရွေး အသက်အရွယ် မရွေးကို ကိုယ်ဟန်အမူအရာ မျက်နှာထား လေသံတွေမှာ တဖက်လူကို လေးစားမှုပါတဲ့ ပုံစံမျိုးနဲ့ အမြဲဆက်ဆံတတ်ဖို့ ကိုယ့်ကိုယ်ကို သတိထားပါ…အလုပ်ကိစ္စအတွက် တစ်ယောက်နဲ့တစ်ယောက် ပြောဆိုမေးမြန်းရာမှာ လေသံမာနေတာ မျက်နှာက မာချီနေတာ မထီမဲ့မြင်မျက်နှာဘေးနဲ့ပြောဆိုတာတွေကို ဘယ်သူမှမကြိုက်သလို ကိုယ်တိုင်ကော ကြိုက်သလား တွေးကြည့်ပါ…ကိုယ်မကြိုက်ရင် သူများလည်းမကြိုက်တာသေချာပါတယ်…

များသောအားဖြင့် အလုပ်ထဲမှာ ဌာနတူအချင်းချင်းလည်း မတည့်ကြ ဌာနကွဲအချင်းချင်းလည်း မတည့်ကြဆိုတာတွေက ဘာလို့ဖြစ်သလဲတွေးရင် လူတွေက တစ်ယောက်နဲ့တစ်ယောက် လေးစားရကောင်းမှန်းမသိနဲ့ ဌာနတစ်ခုရဲ့ လုပ်ဆောင်ချက် အတတ်ပညာတွေအပေါ်မှာ လေးစားရကောင်းမှန်းမသိတာတွေကြောင့်ဖြစ်ပါတယ်…

Account Dept နဲ့ တရုံးလုံးနဲ့မတည့်ဘူး… HR ကိုင်တဲ့လူနဲ့ တရုံးလုံးနဲ့မတည့်ဘူး… Sales & Marketing နဲ့ Account Dept က အမြဲပြသနာတက် ဒါတွေဟာ ဘာလို့ဖြစ်သလဲ လူတစ်ယောက်က ကိုယ်မဟုတ်တဲ့နောက်ထပ် လူတစ်ယောက်ကို မလေးစားတတ်တာက အဓိကပြသနာတစ်ခု၊ နောက်တစ်ခုကတော့ ကိုယ့်အလုပ်မှ အရေးကြီးတယ် သူများအလုပ်ကအရေးမကြီးဘူးပုံစံနဲ့ သူများအလုပ်ကို မလေးစားတတ်လို့ပါဘဲ….ဒါကြောင့် ကိုယ်ပိုင်ကိုယ်ဆိုင် လုပ်ငန်းလည်းမဟုတ်ဘဲ သူများစီးပွားလုပ်ငန်းကို ဝိုင်းကူလုပ်နေရသူအချင်းချင်းက တစ်ယောက်နဲ့တစ်ယောက် ကြည့်မရ မျက်နှာမြင်ခဲနဲ့ထုချင်တွေ ဖြစ်နေကြတာ ဘာအဓိပယ်များရှိသွားသလဲတွေးပါ…

ကိုယ်ရော သူရော အပြန်အလှန်လေးစားမှုလေးတွေနဲ့ အေးချမ်းစွာ အတူယှဉ်တွဲအလုပ်လုပ်ရရင် ပိုမကောင်းဘူးလား မိုးလင်းက မိုးချုပ် ဒီမျက်နှာတွေမမြင်ချင်လည်းနေ့တိုင်း မြင်တွေ့ရကြတဲ့သူတွေဘဲလေ… ဒါကြောင့် အလုပ်ထဲမှာ ပျော်ချင်ရင် လူအချင်းချင်း လေးစားမှုဆိုတာကို အလေးထားကြပါလို့ တိုက်တွန်းချင်ပါတယ်…

နောက်တစ်ခုကတော့ အလုပ်ထဲမှာ ပျော်ချင်ရင် အများနဲ့ပူးပေါင်းပြီး (Teamwork) စိတ်နဲ့ ညီညီညွတ်ညွတ် လုပ်ချင်စိတ်ကို မွေးရပါမယ်…စာရေးသူဆောင်းပါးတစ်ခု ဖတ်ဖူးတယ် မြန်မာတစ်ယောက်ကို ဂျပန် လူမျိုး တစ်ယောက်က ပြောတယ် မင်းတို့ မြန်မာတွေ တော်သလားမေးရင် တော်တယ်တဲ့ တီထွင်နိုင်တဲ့ စွမ်းရည်တွေရှိ ပါတယ်… အသိပညာ အတတ်ပညာတွေလည်း ရှိကြပါတယ်တဲ့ ဒါကြောင့် ငါတို့ ဂျပန်တစ်ယောက်နဲ့ မင်းတို့ မြန်မာတစ်ယောက်ယှဉ်ရင်တော့ မင်းတို့က ပိုတော်နိုင်လို့ ငါတို့ မင်းတို့ကို မနိုင်နိုင်ဘူးတဲ့….အေး မင်းတို့ မြန်မာ နှစ်ယောက် သုံးယောက်ပေါင်းနဲ့ ငါတို့ ဂျပန်တွေနဲ့ ယှဉ်ရင်တော့ မင်းတို့ ရှုံးမှာသေချာပြီတဲ့…

ဘာလို့လဲ သိလား မင်းတို့မြန်မာတွေစိတ်က စည်းလုံးမှုမှမရှိဘဲတဲ့….

ကဲ အဲ့မှာ စပါပြီ တစ်ခုခုလုပ်တော့မယ်ဆိုရင် မြန်မာတွေမှာ teamwork လို့ခေါ်တဲ့ အသင်းအဖွဲ့နဲ့ စည်းလုံးညီညွတ်စွာ အလုပ်လုပ်တတ်တဲ့အကျင့်မရှိတာကို ဂျပန်တွေက ကောင်းကောင်းသိထားပါပြီ။တခြားနိုင်ငံခြားသားများလည်း ဒီအချက်ကို သတိထားမိတာ ရှိမှာပါဘဲ။ဒီတော့ကာ မြန်မာတွေကို မေးချင်ပါတယ် သူများနိုင်ငံသားတွေက ကိုယ့်လူမျိုးရဲ့အားနည်းချက်ကို သိနေတယ် ကိုယ်တွေကိုယ်တိုင်က အဲ့အားနည်းချက်ရှိတာကို သတိထားမိရဲ့လားပေါ့. တကယ်တော့ သူတို့ပြောတာ ဟုတ်သလားလို့ ပြန်တွေးကြည့်ရင် ဟုတ်နေတာကို တွေ့ရပါလိမ့်မယ်…

မြန်မာတွေမှာ စည်းလုံးညီညွှတ်မှု လုံးဝမရှိပါဘူး…ဒီအတွက်လည်း မြန်မာပြည်မှာ ဘာဘဲလုပ်လုပ် နိုင်ငံရေးအရဘဲ ဖြစ်ဖြစ် စီးပွားရေး အရဘဲ ဖြစ်ဖြစ် တစ်စိတ်ထဲတစ်ဝမ်းထဲသွားဖို့ လုပ်ဖို့ သိပ်ခက်တာကို မြင်တွေ့ရပါလိမ့်မယ်…

ဒီတော့ ဒီနေ့ဟောပြောပွဲရဲ Title လေးဆီပြန်ကြည့်မယ်ဆိုရင် အလုပ်ထဲမှာ ပျော်အောင်နေနည်းလို့ ပြောထား တယ်နော်…

ဒီအတွက် အလုပ်ထဲမှာ ပျော်ဖို့ဆိုတာက အဖွဲ့အစည်းတခုအတွင်းမှာ အတူတွဲပြီးအလုပ်လုပ်နေရသူအချင်းချင်း စည်းလုံးညီညွတ်နေမှ စိတ်ချမ်းသာပျော်ရွှင်ကြရမှာမလား…အလုပ်တစ်ခုလုပ်ဖို့အရေး တစ်ယောက်တစ်ပေါက်ဖြစ် နေရင် မည်သူမဆို အလုပ်လုပ်ရတာ အဆင်မပြေပါဘူးကွာဆိုတဲ့ ညီးညူသံတွေ ထွက်လာမှာဘဲမလား…

ဒါကြောင့်အလုပ်ထဲမှာ အတူတွဲလုပ်နေရသူအချင်းချင်းတွေဟာ စည်းလုံးညီညွတ်ဖို့ အရမ်းအရေးကြီးပါတယ်…

လုပ်ငန်းခွင်တွေထဲမှာ လူတိုင်း လူတိုင်းဟာ စည်းလုံးညီညွတ်စွာ နေထိုင်လုပ်ကိုင်ချင်စိတ်တွေကို မွေးမြူ ရမှာဖြစ်ပါတယ်…စည်းလုံးညီညွတ်စွာ အလုပ်လုပ်နိုင်ဖို့ကို ထောက်ပံ့ကူညီပေးမယ့် အချက်တစ်ခုကတော့ စိတ်သဘောထား (Attitude) ဖြစ်ပါတယ်…စိတ်ထားတတ်ရင် မြတ်တယ် ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်။ လူတိုင်းဟာ စိတ်ထားတတ်ဖို့လိုပါတယ်…စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်လွယ်တတ်တဲ့သဘောတော့ရှိပါတယ်…. ဒါပေမယ့် မကောင်းတဲ့ စိတ်ကို ကောင်းတဲ့စိတ်က ပြန်ထိန်းချုပ်နိုင်ပါတယ်…

အထူးသဖြင့် Self- Control ကောင်းတဲ့ လူတွေမှာ မကောင်းတဲ့စိတ်ပေါ်ရင် ကောင်းတဲ့စိတ်နဲ့ ပြန်ထိန်းနိုင်ဖို့ ပိုသေချာပါတယ်…ဒီတော့ စိတ်ထားတတ်ဖို့ ဆိုတာကလည်း လေ့ကျင့်ပျိုးထောင်ယူရမယ့်အရာပါဘဲ….

ဥပမာ ကိုယ့်ကို လူတစ်ယောက်နဲ့တွဲပြီး အလုပ်တစ်ခုလုပ်ဖို့တာဝန်ပေးတယ်ဆိုပါစို့ အမှန်က အဲ့လူနဲ့ ကိုယ်နဲ့က အကြောင်းတစ်ခုနဲ့ အမြင်မကြည်ကြတဲ့လူတွေပေါ့ ဒါပေမယ့် စိတ်ထားတတ်ရင် အော် ဒါငါ့ကိုယ်ပိုင်လုပ်ငန်းမှ မဟုတ်ဘဲ သူဌေးခိုင်းတာလုပ်ရမှာဘဲ သူကရော ငါနဲ့ဘယ်သွားချင်မလဲ သူလည်း သူဌေးခိုင်းလို့သာ အတူသွားရမှာဘဲ သူလည်းတာဝန်အရ ငါလည်းတာဝန်အရ အတူသွားကြရတာဘဲဆိုတဲ့ စိတ်မွေးကြည့်လိုက်ပါ တချိန်မှာ ငါသာလုပ်ငန်းရှင်ဖြစ်ခဲ့ရင် ငါလည်း သူတို့တည့်တာမတည့်တာ ငါမကြည့်နိုင် ငါ့စီးပွားဖြစ်ဖို့ ရှိတဲ့လူကိုခိုင်းရမှာဘဲ ဆိုတဲ့အတွေးဝင်ကြည့်လိုက်ပါ ဒါဆိုရင် မတည့်တဲ့လူနဲ့ အလုပ်တူသွားမလုပ်နိုင်ဘူးဆိုတဲ့စိတ် ပျောက်သွားပါလိမ့်မယ်…

နောက်တစ်ခုက ပညာတကယ်တတ်တဲ့သူတစ်ယောက်ဆိုရင်ပေါ့ တွေးတတ်ရပါမယ် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်း ဆိုတာ အစထဲက လူအများနဲ့ပေါင်းစည်းလုပ်ရတဲ့အလုပ်သဘောပါ တစ်ယောက် ကောင်းနဲ့ မရသလို တစ်ယောက် နဲ့တစ်ယောက် မတည့်လို့ဆိုပြီး အလုပ်တွဲမလုပ် လို့လည်းရနိုင်တာမှ မဟုတ်တာဘဲ ဒီအတွက် စိတ်တစ်ခုမွေးလိုက်ပါ မကင်းနိုင်ရင် ကောင်းအောင်နေပါပေါ့…အများနဲ့ လိုက်လျောညီထွေဖြစ်အောင်နေပါ..

တည့်တဲ့သူနဲ့ဖြစ်စေ မတည့်တဲ့သူနဲ့ဖြစ်စေ အလုပ်လုပ်ချိန်မှာတော့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် အများတန်းတူ အလုပ်လုပ်ပါ ဒါမှ သူဌေးကပေးအပ်ထားတဲ့ အလုပ်တာဝန်ကို အချိန်မှီပြီးမယ် အထစ်အငေါ့မရှိ အဆင်ပြေပြေပြီး မြောက်မယ် အကျိုးရလဒ်ရှိလာတော့လည်း အတူမျှဝေခံစားရတာက ပျော်စရာတစ်ခုပါဘဲ…

နောက်တစ်ချက်က အလုပ်ထဲမှာ နေပျော်ချင်ရင် မနာလိုစိတ်တွေမမွေးပါနဲ့…မနာလိုဝန်တိုစိတ်ကင်းအောင်ကို နေပါ လူတိုင်းဟာ သေမျိုးကြီးပါဘဲ သေတော့လည်း ဘာမှသယ်သွားလို့မရတာကို လူတိုင်းသိပါတယ်…

ငါမနက်ဖန် သေသွားရင်ဆိုတဲ့ စိတ်နဲ့တွေးပြီး လက်ရှိကိုယ့်ဘ၀ ကိုယ့်အခြေ ကိုယ့်ရပ်တည်မှုကိုဘဲ အာရုံထားပြီး အကောင်းဆုံး ပြုမူနေထိုင်သင့်ပါတယ်….သူများစားရ ငါမနာလို သူများကောင်းစား ငါမနာလို သူများရာထူးနေရာ ရနေတာ ငါမနာလို ဆိုတဲ့စိတ်တွေနဲ့ အသက်မရှင်ပါနဲ့….လူတိုင်းဟာ ဘုရားဟောတရား သခါ ၤရနဲ့ကြည့်ရင် ရုံးသွားရင်းလည်း ကားတိုက်သေသွားနိုင်ပါတယ် အလုပ်ထဲမှာလည်း ရုတ်တရက် အကြောင်းတစ်ခုခုနဲ့ သေသွားနိုင်သလို ရုံးကအပြန်လည်း အကြောင်းတစ်ခုနဲ့ သေသွားနိုင်ပါသေးတယ်…

ဒီအတွက် အသက်ရှင်သမျှ အချိန်လေးမှာ ကိုယ့်ဘဝအတွက် အကောင်းဆုံးကြိုးစားပါ ကိုယ့်မိသားစုအတွက် ကိုယ့်ပတ်ဝန်းကျင်နဲ့ ဆက်စပ်သမျှတွေအတွက် အကောင်းဆုံး လူသားတစ်ယောက်အနေနဲ့ဘဲ အသက်ရှင်နေထိုင်နိုင် ဖို့ကြိုးစားပါ…လူတိုင်းမှာ သူ့ကံနဲ့သူရှိတတ်ကြတာမို့ သူများအောင်မြင် အဆင်ပြေနေရင် အားကျလို့ရပါတယ် အတုယူလို့ ရပါတယ် သူဒီလိုလေးဖြစ်တာ ကောင်းလိုက်တာလို့ မုဒိတာပွားရင်း ငါလည်း ဒီလိုလေးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ သူများကို စံနမူနာယူပါ မနာလိုစိတ်တော့ မမွေးမိပါစေနဲ့…

မနာလိုစိတ်ကင်းပြီး ကိုယ့်စွမ်းအားနဲ့ကိုယ် အမြဲကြိုးစားနေတဲ့သူဟာ ကိုယ့်ကြိုးစားမှုအကျိုးကို အနှေးနဲ့အမြန်ဆိုသလို ခံစားရမှာပါဘဲ…ကိုယ်က ကြိုးစားအားထုတ်မှု ဘာမှမရှိဘဲ သူများကို ထိုင်မနာလိုနေရင်တော့ ကိုယ့်စိတ်က မလန်းဆန်းလို့ အလုပ်မှာမပျော်ရွှင်နိုင် မတက်ကြွနိုင် စိတ်ဖိစီးပြီး အောင်မြင်မှုနဲ့ ဝေးသထက်ဝေးနိုင်ပါတယ်…

မနာလိုဝန်တိုစိတ် သိပ်ကြီးတဲ့လူတွေဟာ ပညာသိပ်တော်နေရင်တောင် လူအထင်ကြီးလေးစားစရာ တန်ဖိုးတွေကျ ဆင်းပြီး မအောင်မြင်တတ်ပါဘူး…သူများလို မနာလိုစိတ်မမွေးဘဲ ကိုယ့်ဘဝတွက် ရိုးရိုးနေ မြင့်မြင့်ကြံမယ်ဆိုရင် အလုပ်တိုင်းမှာ အောင်မြင်တဲ့သူ စိတ်ချမ်းသာပျော်ရွှင်တဲ့သူ တစ်ယောက်ဖြစ်လာနိုင်ပါတယ်…

နောက်တစ်ချက်ကတော့ အလုပ်ထဲမှာ စိတ်ပျော်ပျော်လေးနေချင်ရင် မျှော်လင့်ချက် အကြီးကြီးတွေနဲ့ ကိုယ့်စိတ်ကို မဖိစီးပါနဲ့… မျှော်လင့်တာတွေ ရှိနေတော့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာ စိတ်ဖိစီးတာတွေ၊ အလိုမကျတာတွေ ခံစားရတာတွေ ရှိနေတတ်ပါတယ်။ ကိုယ့်ကို ဦးစားမပေးဘဲ တခြားသူကို ဦးစားပေးတဲ့အခါ၊ ကိုယ့်ကို အသိအမှတ်မပြုဘဲ တခြားသူကို အသိအမှတ်ပြု သွားတဲ့အခါ၊ ကိုယ့်ကို အလေးမပေးဘဲ တခြားသူကို အလေးပေးသွားတဲ့ အခါမျိုးမှာ အားမလိုအားမရစိတ်တွေနဲ့ စိတ်ဆင်းရဲခြင်းတွေ ခံစားလာရတတ်ပါတယ်… တကယ်တော့ ကိုယ့်ကို ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု၊ ဘယ်သူ ဦးစားပေးပေး မပေးပေး၊ ဘယ်သူ အလေးပေးပေး မပေးပေး ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပြီး ကိုယ်လုပ်ရပ် ကိုယ်ကျေနပ်နေအပြစ်ကင်းနေအောင် ကြိုးစားကြဖို့ကအဓိကပါဘဲ…

လူဆိုတာ ကိုယ့်တန်ဖိုးကိုယ်သိပြီး ကိုယ့်ကိုကိုယ် အသိအမှတ်ပြု၊ ကိုယ့်ကိုကိုယ်အလေးဂရုပြုဖို့က အရေးအကြီးဆုံးပဲ..ကိုယ်သာ တကယ်တော်သူ အမြဲမပြတ်ကြိုးစား လုပ်ကိုင်နေသူဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တစ်ခုထားလိုက်ပါ ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတဲ့စကားအတိုင်းပေါ့..အကောင်းဆုံးကြိုးစားနေဖို့က ကိုယ့်အလုပ် ကိုယ့်တာဝန်ပဲ ပတ္တမြားမှန်ရင် အချိန်တန် ကလပ်ပေါ်မှာ အလိုလိုအရောင်တောက်နေမယ့် လူစားမျိုးဟာ ငါဘဲဆိုတဲ့စိတ်နဲ့ လုပ်စရာရှိတာသာ စိတ်အေးစွာလုပ်ပါ….

မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ထားပါ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး Confident အပြည့်နဲ့နေထိုင်လုပ်ကိုင်ပါ…

ဒါဆိုရင် အလုပ်ထဲမှာ ဘယ်သူတွေ ဘယ်လိုဖြစ်ဖြစ် သင်ကတော့ ပုံစံတစ်ခုကွဲထွက်ပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်…

အထက်ပါ အကြောင်းအရာတွေထဲကနေ အလုပ်ထဲမှာ ပျော်အောင်နေနိုင်ဖို့အတွက် အချက် ဘယ်နှစ်ချက်လောက်ကို သင်လက်တွေ့ကျင့်သုံးနိုင်မယ်ဆိုတာပေါ်မှာ မူတည်ပြီး သင်နေ့စဉ်ထိတွေ့ရမယ့် အလုပ်နဲ့ လူမှုဘဝပတ်ဝန်းကျင်မှာ သင်ဟာ ပျော်ရွှင်မှုတွေနဲ့အတူ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မယ်ဆိုတာကို သင်ကိုယ်တိုင် ပြန်လည်စမ်းစစ်ကြည့်လိုက်ပါနော်….

စာရေးသူကတော့ ဒီအချက်တွေအကုန်လုံးကို ကျင့်သုံးနေသူမို့ ပျော်ရွှင်အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်…ဒီအတွက်လည်း လူအများကို အောင်မြင်ပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်စေချင်လို့ စေတနာရှေ့ထားပြီး ဒီနည်းလမ်းတွေကို ဝေမျှခြင်းဖြစ်ပါတယ်…..

အားလုံးဘဲ အလုပ်အကိုင်များအဆင်ပြေကြပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ…